မန်မာပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို စိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) က ဒီဇင်ဘာလ ၄ ရက်နေ့က ကြေညာ ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ် ရှားမှုကို အစိုးရအာဏာပိုင်များက အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲလိုက်သည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်ကြောင်း အပါအဝင် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ စစ်ဆင်ရေး တိုးမြှင့်လာမှုကြောင့် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံနေသည့် လူထုနေရာများအား မီးရှို့ဖျက်ဆီးသည့် အခြေအနေ များကို ကြေညာချက်၌ ထည့်သွင်း ဖော်ပြထားသည်။
ကျေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ KNU အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်အတွင်း အကြမ်းဖက်မှု ဖြစ်ပွားခြင်းကို မလိုလားကြောင်းနှင့် ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွား စေလိုသည့်အတွက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကေအိုင်စီသတင်းဌာနကို ပြောသည်။
“တကယ့်လူမြင်ကွင်းမှာ သံဃာတော်တွေတောင် ပါဝင်တဲ့ အနေအထားမှာတောင်မှ အပြောင်းအလဲတွေ လုပ်လိုတယ်လို့၊ ဦးတည် လှုပ်ရှားနေပါတယ်လို့ ကတိပေးတဲ့ကြားက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတာဟာ ပြည်သူ အတွက်ရော၊ အစိုးရအတွက်ရော ကျနော်တို့နဲ့အတူ ငြိမ်းချမ်းရေးတည်ဆောက်နေသူတွေ အတွက်ပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စဟာ အထူးသတိပြုဖို့ လိုတယ်။ ဒါမျိုး ထပ်မဖြစ် ဖို့ အောက်ခြေအထိ ထိန်းဖို့ လိုတယ်ဆိုတာ မီးမောင်းထိုးပြချင်တာပါ” ဟု ၄င်းက ပြောသည်။
ထို့အပြင် မြန်မာအစိုးရက လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြိုးပမ်းဆောင်ရွက်နေသည့်အပေါ် KNU မှ ထပ်လောင်း ကြိုဆိုကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူး စောလှငွေက “ထပ်လောင်း ကြိုဆိုတယ်ဆိုတာက မှန်ကန်တဲ့လုပ်ရပ်၊ တိုးတက်တဲ့လုပ်ရပ်၊ မွန်မြတ်တဲ့ လုပ်ရပ်တွေဟာ ပိုလုပ်သင့်တဲ့အလုပ် အစကနေအဆုံး အဆက်မပြတ် ရှေ့နောက်ညီညီ ဖြစ်စေချင်တာ ကို နိုးဆော်တဲ့ သဘောဖြစ်ပါတယ်”ဟု ဆက်လက် ပြောဆိုသည်။
၁၅ ကြိမ်မြောက် KNU ညီလာခံ စတင်ကျင်းပချိန်တွင် အထက်ပါ ကိစ္စများ ဖြစ်ပွားမှုနှင့် တိုက်ဆိုင်နေခဲ့ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းနေ စဉ်ကာလအတွင်း ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ငြိမ်းချမ်းရေး ရှေ့အလားအလာအတွက် စိုးရိမ်စရာဖြစ်ကြောင်း KNU ညီလာခံ ကိုယ်စားလှယ်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။