သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရရန် သက်ဆိုင်ရာ အာဏာပိုငိ်များထံ မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ကြောင်း မိုင်းဝီး ဒေသခံများက ပြောသည်။
မူးယစ်ဆေးဝါးက ဒေသခံလူထုအား တနေ့တခြား ခြိမ်းခြောက်လာသဖြင့် စုပေါင်းတိုက်ဖျက်ရန် ဒေသတွင်း လူငယ်များစုပေါင်း၍ ‘မိုင်းဝီး လူငယ်စာရိတ္တ ပြုပြင်ရေးအဖွဲ့’ အမည်ဖြင့် လျှောက်ထားခြင်း ဖြစ်ကြောင်း မိုင်းဝီးဒေသခံ တဦးက ပြောသည်။
“လူငယ်စာရိတ္တ ပြုပြင်ရေး အဖွဲ့ (မိုင်းဝီး) လို့နာမည်ပေးထားပြီး ဒီဇင်ဘာ ၁ ရက်နေ့ က ပြည်သူ့ လွတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်အုန်း ၊ မိုင်းဝီးအုပ်ချုပ်ရေးမှူး စိုင်းယီလိုင်းခမ်း ၊ မိုင်းဝီး ရဲစခန်း မှူး တွေဆီကို ရော သျှမ်း၊ ကချင်၊ လီရှော၊ ပလောင် စာပေယဉ်ကျေးမှု အဖွဲ့တွေဆီကိုရော စာတင်ထားတယ်၊ ဒီနေ့အထိတော့ ဘာမှ အကြောင်းမပြန် သေးဘူး” ဟု မိုင်းဝီးဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လျှောက်လွှာအား မိုင်းဝီး ရဲတပ်ဖွဲ့ထံ လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ဂုဏ်သိက္ခာ ထိခိုက်မည် စိုးသဖြင့် ပြန်လည်ရုပ်သိမ်းပေးရန် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက မေတ္တာရပ်ခံထားကြောင်း အဖွဲ့တည်ထောင်သူနှင့် နီးစပ်သူ တစ်ဦးကပြောသော်လည်း သီခြား အတည်ပြုချက် မရရှိသေးပါ။
လွန်ခဲ့သည့် ၃ လလောက်က မိုင်းဝီး ပြည်သူ့ရဲတပ်ဖွဲ့မှ မူးယစ်ဆေးရောင်းဝယ်သူများအား ဖမ်းဆီး အရေးယူမှု ပြုလုပ်သော်လည်း မူးယစ်ဆေးပပျောက်မသွားသည့်အပြင် ရောင်းသူ/၀ယ်သူ /သုံးစွဲသူ ပိုများလာကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးနှိမ်နှင်းရန် လူထုအခြေပြုအဖွဲ့ ဖွဲ့စည်း၍ ဝိုင်းဝန်းတိုက်ဖျက်သွား မည်ကြောင်း ၄င်းကဆိုသည်။
ထို့အပြင် မိုင်းဝီးကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသော တောတောင်များတွင် ဘိန်းခြံအများအပြားရှိကြောင်း ဒေသခံ တဦးက အခုလို ပြောဆိုသည်။
“ဘိန်းတွေဟာ တနေ့တခြား ပေါများလာတယ်၊ ဘိန်းစားတွေ ပေါများလာတာကြောင့် မကြာခဏ ခိုးဆိုး လုယက် မှု တွေလည်းဖြစ်တယ်၊ လယ်ထဲကစပါးတွေ လည်းခိုးရိတ်ခံရတာရှိတယ်၊ မိဘမဲ့ ကလေး တွေများလာတယ်။ ဆိုတော့ သူတို့တတွေ ပညာသင်ယူခွင့် ဆုံးရှုံးလာကြတယ်” ဟု မိုင်းဝီး ဒေသခံ ပါ့နန်းအီ ကပြော သည်။
စယ်နေရွာမှ ရွာသားများက မိုင်းဝီးကျေးရွာအုပ်စုသို့ စက်ဘီးဖြင့် ဘိန်းလာရောင်းကြကြောင်း၊ ဘိန်းလောပန်း အတွက် မူးယစ်ဆေးဝါးရောင်းပေးသောအဖွဲ့ ဟူ၍လည်း အုပ်စုလိုက်ရှိကြောင်း၊ အသက် ၁၂ ၊ ၁၃ နှစ် လူငယ် အများစု မူးယစ်ဆေးသုံးစွဲနေပြီး ကချင်၊ ပလောင် နှင့် သျှမ်းလူမျိုးများဖြစ် ကြောင်း၊ သုံးစွဲသော မူးယစ်ဆေးမှာ ရာဘ(စိတ်ကြွဆေး) က ပထမဖြစ်ပြီး ဘိန်းဖြူဘိန်းမဲက ဒုတိယဖြစ်ကြောင်း ၄င်းက ဆိုသည်။
အဆိုပါအဖွဲ့သည် မိုင်းဝီးလူငယ် ၅၂ ဦး အင်အားဖြင့် ပြီးခဲ့သည့် လကုန်ပိုင်းကတည်းက စုစည်းထားပြီး မိုင်းဝီး ဒေသ၌ မူးယစ်ဆေးတိုက်ဖျက်ရန်အတွက် ‘မိုင်းဝီး လူငယ်စာရိတ္တ ပြုပြင်ရေးအဖွဲ့’ ဟု အမည် ပေး ကြောင်း၊ မူးယစ်ဆေးဝါးအဓိကထားတိုက်ဖျက်ဖို့ ဒေသအတွင်း ပထမ ဦးဆုံး အဖွဲ့အစည်း ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။