ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း နိုင်ငံသား စိစစ်ရေးကဒ် စတင်ရိုက်ပေးနေ

ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း နိုင်ငံသား စိစစ်ရေးကဒ် စတင်ရိုက်ပေးနေ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း ရှိ မြန်မာနိုင်ငံသား စိစစ်ရေးကဒ်(မှတ်ပုံတင်) မရှိသေးသည့် ဒေသခံများကို သက်ဆိုင်ရာမှ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်ပေးလျက်ရှိပြီး ကျေးရွာပေါင်း လေး ရွာမှ ရွာသူရွာသားများကို နိုင်ငံသား ကဒ် ရိုက်ပေးနေသည်ဟု သိရသည်။

မယ်ဇလီ၊ ထီးကလိုးဝါး၊ မယ်ဇလီချောင်းဝ၊ ကွီးဟော့ စသည့်ကျေးရွာများမှ ဒေသခံများကို ယနေ့မနက်မှစ၍ မယ်ဇလီကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကဒ် ရိုက်ပေးနေသည်ဟု မယ်ဇလီကျေးရွာ အတွင်းရေးမှူး စောသန်းနိုင်က ပြောသည်။

Photo-for-Burmese-ID-card-project

စောသန်းနိုင်က “ဒီမနက်ကစပြီး ကျနော်တို့မယ်ဇလီရွာမှာ မှတ်ပုံတင်လာရိုက်ပေးနေပါပြီ။ အသက် ၁၂နှစ် အထက် အကုန်လုံးကိုသူတို့ရိုက်ပေးတယ်။ အခကြေး ပေးစရာမလိုဘူး” ဟု ပြောသည်။

မယ်ဇလီ ကျေးရွာ သူ နော်ကေးကေးကလည်း နိုင်ငံသားစိစစ်ရေးကဒ် ရရှိမည့် အချိန်ကို မသိရသေး သော်လည်း ယခုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားဝင် လာရောက်လုပ်ဆောင်ပေးသဖြင့် ဒေသခံများ အတွက် ကောင်းမွန်ပြီး ခရီးသွားရလာရ ပို၍လွယ်ကူလာမည်ဖြစ်ကြောင်း ပြောသည်။

ဒေသခံ လူထုများအား နိုင်ငံသားစိစစ်ရေးကဒ် ရိုက်ပေးသည့်အစီအစဉ်ကို ဘုရားသုံးဆူမြို့နယ်ခွဲ လူဝန် မှုကြီးကြပ်ရေးဌာန၊ Norwegian Refugee Council-NRC နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ၀င်းရေးမြို့နယ်ရှိ တာဝန်ရှိသူတို့ ပူးပေါင်း၍ လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ KNU ဆက်ဆံရေးရုံး ဒုတာဝန်ခံ စောထဲနေက ကေအိုင်စီကို ပြောသည်။

၎င်းက “ဒေသခံတွေ အခကြေးငွေပေးစရာမလိုအောင် နိုင်ငံသားစိစစ်ရေးကဒ်် လာရိုက်ပေး တဲ့သူတွေ စားသောက်ဖို့အတွက် ကျနော်တို့ KNU နဲ့ NRC တို့ ပူးပေါင်းပြီး ထမင်း၊ ဟင်းချက်ပြုတ် တဲ့သူတွေကို ငှားပေးထားပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း မြိုင်သာယာ ကျေးရွာအုပ်စုအတွင်းရှိ မြိုင်သာယာ၊ ကျောက်ဂူ၊ သက်ကယ်၊ အပလို စသည့်ကျေးရွာများတွင် ဒေသခံဦးရေ ၁၂၀ ကို တရားဝင်နိုင်ငံသားစိစစ်ရေးကဒ် ရိုက်ပေးခဲ့ပြီးဖြစ်ကြောင်း စောထဲနေက ဆက်ပြောသည်။

ထို့အပြင် ယခုပြုလုပ်ပေးနေသည့် နိုင်ငံသားစိစစ်ရေးကဒ် အစီအစဉ်ကို မိုးပွင့်စီမံချက် ဟူ၍ အမည် ပေးထားပြီး ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ကရင်ဒေသခံများအား တစ်နေ့ လျှင်လူဦးရေ ၁၂၀ နှုန်းဖြင့် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း စောထဲနေက ဆိုသည်။

NRC ၀န်ထမ်းများသည် ကရင်ပြည်နယ်အတွင်း One Stop Service (နေ့ချင်းတွင်းအပြီး) စနစ်ဖြင့် စိစစ်ရေးကဒ်ကို အခမဲ့ ရိုက်ပေးနေခြင်းဖြစ်ပြီး ၎င်းတို့၏ သွားလာရေး၊ အစားအသောက်နှင့် အခြား ကုန်ကျစရိတ်အားလုံးကို ကွင်းဆင်းခရီးစဉ်နှင့် တစ်ပါတည်းစီစဉ်ထားကာ ဒေသခံများထံမှ အခကြေးငွေ မယူဘဲ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရ လဝကမှ ကြီးကြပ်၍ မိုးပွင့်စီမံချက်(၁)အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်မြေတွင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကရင်လူမျိုးအိုးအိမ်မဲ့နေသူများ၊ မိုးပွင့်စီမံချက် (၂)အဖြစ် ရွှေကုက္ကိုကျေးရွာရှိ ဒေသခံများ၊ မိုးပွင့်စီမံချက် (၃) အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မဲ့ကသာကျေးရွာ အုပ်စုအတွင်း ကျေးရွာများမှ ဒေသခံများ နှင့် မြဝတီမြို့နယ်ရှိ ဒေသခံများ၊ မိုးပွင့်စီမံချက်(၄)အဖြစ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခု ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ဆက်လက် လုပ်ဆောင် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

Most read this week