နှစ်ရက်တာ ကျင်းပသည့် မွန်ပြည်နယ် Youth Forum အစည်းအဝေးကို မြို့နယ် (၉) ခုမှ လူငယ် ကိုယ်စားလှယ် (၈၉) ဦး တက်ရောက်ခဲ့ပြီး ယမန်နေ့က ပြီးဆုံးကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ကိုဘုန်းမြတ်ဟန်က ပြောသည်။
“အစည်းအဝေး ကိုတော့ နိုဝင်ဘာ (၂၉ နဲ့ ၃၀) ရက်နေ့မှာ မော်လမြိုင်မြို့မရမ်းကုန်းရပ်က မွန်မြတ်သော အိမ်ထောင်စု ဘုရား ရှိခိုးကျောင်းမှာ ကျင်းပပါတယ်။ ဦးဆောင် သူကတော့ ကိုကြည်လွင်ဖြစ်ပါတယ်။ အဓိက ကတော့ မွန်ပြည်နယ် (၁၀) မြို့နယ်က လူငယ် ကိုယ်စားလှယ် တွေကို ဖိတ်ပါတယ်။ ဒါပေမဲ့ ကျိုက်ထို ကိုယ်စားလှယ်တော့ မတက်ရောက်နိုင် ပါဘူး။” ဟု ၎င်းက ဆိုသည်။
အစည်းအဝေးကို နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၅) နာရီထိ ကျင်းပ ခဲ့ပြီး လူငယ်နှင့် ပတ်သက် သည့် ခေါင်းစဉ်အောက်မှ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ အားကစားနှင့် စာရိတ္တ၊ သဘာဝ ပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ မူးယစ်ဆေးဝါး၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ၊ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု အနုပညာ၊ စွန့်ဦးတီထွင်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ဂျန်ဒါ စသည့် စာတမ်းများအပေါ် ၀ုိင်းဝန်း ဆွေးနွေး ခဲ့ကြသည်။
လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပမည့် Myanmar Youth Forum အစည်းအဝေး တက်ရောက် နိုင်ရန် မွန်ပြည်နယ် မော်လမြိုင်၊ ရေး၊ မုဒုံ၊ သထုံနှင့် ပေါင်မြို့နယ်များမှ ကိုယ်စားလှယ် (၁၀) ဦးကိုလည်း ရွေးချယ် ခဲ့ကြသလို Myanmar youth forum အစည်းအဝေး၌ ဆွေးနွေးမည့် စာတမ်း တစောင် ပြုစုသွားမည်ဟုလည်း သိရသည်။
ရွေးချယ်ထားသည့် ကိုယ်စားလှယ် (၁၀)ဦးမှာ ရေးမြို့မှ ကိုဘုန်းမြတ်ဟန်၊ မင်းဉာဏ်သိုက်၊ စောအောင်ရွှေဝင်း၊ မော်လမြိုင်မှ ကိုကြည်ဇော်လွင်၊ မိစရိုင်းနွန်၊ နော်ရိုစီမန်း၊ မုဒုံမှ မင်းအောင်မျိုးသိုက်၊ သထုံမှ ခွန်သက်မောင်မောင်၊ ခွန်တေဇာအောင်နှင့် ပေါင်မြို့မှ မိအေးမှီမှီ တို့ဖြစ်သည်။
မွန်ပြည်နယ် တဝန်းလုံးရှိ လူငယ်များ ပူးပေါင်း ပါ၀င် ဆွေးနွေးမှုမှ တစ်ဆင့် ဒေသတွင်း လူငယ်များ၏ သဘောထား အသံများ၊ စိုးရိမ် ပူပန် မှုများနှင့် စိတ်ဝင်စားမှု များကို တစ်စုတစ်စည်းတည်း စုပေါင်းဖော်ထုတ်ရန်။ လူငယ်များ၏ အခွင့်အရေး၊ တာဝန်နှင့် ရပိုင်ခွင့်များကို ဖော်ထုတ်ပြီး လူငယ်ရေးရာ မူဝါဒများ ထွက်ပေါ် လာစေရန်၊ စုစည်း၊ ချိတ်ဆက် လုပ်ဆောင်နိုင်ရန်။ မွန်ပြည်နယ်လုံး ဆိုင်ရာ လူငယ် ကွန်ယက်ကြီး ပေါ်ပေါက် လာစေရန် ရည်ရွယ်၍ Youth Forum ကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။