မိုးထိမိုးမိ ရွှေလုပ်သားများ တပ်ပြန်ခေါက်ခဲ့ရ

မိုးထိမိုးမိ ရွှေလုပ်သားများ တပ်ပြန်ခေါက်ခဲ့ရ
by -
မဇ္စျိမ

နေပြည်တော်နှင့် မိုင် ၃၀ ခန့်အလို ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေသည့် လမ်းလျှောက်ချီတက် ဆန္ဒပြ ရွှေလုပ်သားများ မန္တလေးတိုင်း ရမည်းသင်းမြို့သို့ အင်္ဂါနေ့တွင် တပ်ခေါက် ပြန်သွားရပြီ ဖြစ်ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ်များက ပြောသည်။

ရေနီမြို့အနီးတွင် လုံခြုံရေး အင်အား ၅၀၀ ကျော် ချထားသည့်အတွက် ရှေ့မတိုးသာဘဲ ပိတ်မိနေသည့် ရွှေလုပ်သား ရ၀ ကျော်က စားသောက် နေထိုင်ရေး အခက်အခဲများ ကြုံတွေရသည့်အပြင် ရေနီမြို့ခံများ ကလည်း မြို့မှ ထွက်ခွာပေးရန် မေတ္တာရပ်ခံနေခြင်းကြောင့် နောက်ဆုံးတွင် အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရခြင်း ဖြစ်သည်။

“ကျနော်တို့က ရှေ့တိုးလို့လည်း မရ။ ပြန်လို့လည်း မရ ဖြစ်နေတယ်။ စားရေး သောက်ရေးကလည်း ခက်ခဲလာတယ်။ ပိုက်ဆံလည်း မရှိတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ ညှိနှိုင်းပြီး ပြန်ဖို့ သဘောတူလိုက် ရတယ်” ဟု ညှိနှိုင်းရာတွင် ပါဝင်သည့် ရွှေလုပ်သား ကိုလှိုင်မျိုးအောင် က မဇ္စျိမကို ပြောသည်။

ရွှေလုပ်သား ကိုယ်စားလှယ် ၅ ဦးနှင့် အမှတ် (၂) သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအေးကျော်၊ ဦးခင်ဌေး၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သည့် အစိုးရဘက်မှ ကိုယ်စားလှယ်များ တနင်္လာနေ့ ညနေ ၆ နာရီမှ ၈ နာရီထိ ရေနီနယ် အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ညှိနှိုင်းမှုတွင် အလုပ်သမားများဘက်က ၎င်းတို့အား ရမည်းသင်းမြို့ ရန်အောင်မင်း ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ပေးရန်၊ ရွှေလုပ်သားများ၏ နေထိုင် စားသောက်ရေးကို တာဝန်ယူ ဆောင်ရွက်ပေးရန်၊ ကုမ္ပဏီ တာဝန် ရှိသူများနှင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရမည်းသင်းခရိုင်ရုံး၌ ညှိနှိုင်းဆွေးနွေးရန်၊ ဖမ်းဆီးခံထား ရသည့် ခေါင်းဆောင် များကို ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးမှု ရှိရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေ အကျိုးဆောင်များနှင့် သတင်းမီဒီယာများ ပါဝင်နိုင်ရန် တို့ကို တောင်းဆိုခဲ့သည်။

ရွှေလုပ်သားခေါင်းဆောင်များ ဖြစ်သည့် ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့မှာ နေပြည်တော်သို့ ချီတက်စဉ် နိုဝင်ဘာလ ၂၃ ရက်နေ့က ရေနီစက္ကူစက် လမ်းဆုံအရောက် ရဲများ၏ ရိုက်နှက် ဖမ်းဆီးခြင်းကို ခံရပြီး ကိုနေအောင်ထက်နှင့် ကိုစောနောင်တို့ နှစ်ဦးမှာ ရိုက်မှုဒဏ်ကြောင့် ရေတာရှည် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသေးသည်။

လက်ရှိတွင် ၎င်းတို့ လေးဦးအားအား တောင်ငူထောင်၌ ချုပ်နှောင်ထားဆဲ ဖြစ်ပြီး နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲခံထားရကာ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ရွှေလုပ်သားများ အရေး ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဌေး က ပြောသည်။

အင်္ဂါနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေလုပ်သားများကို ၎င်းတို့ စခန်းချရာ သီရိမင်္ဂလာ တောရ ဘုန်းတော်ကြီးကျောင်းမှ ကား ၃ စီးဖြင့် ရမည်းသင်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း သဘောတူထားသည့် နေရာသို့ ပို့ဆောင်ခြင်း မပြုဘဲ ရမည်းသင်းမြို့နှင့် ရ မိုင်ခန့် ဝေးသည့် ပျဉ်းမတော ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

“ရမည်းသင်းနဲ့ အလွန်ဝေးကွာတဲ့ နေရာကို ပို့ထားတဲ့အတွက် ကျနော်တို့က လက်မခံနိုင်တဲ့အကြောင်း ပြောတယ်။ ဒါပေမယ့် မထူးဘူး။ လုံခြုံရေးတွေနဲ့ စောင့်ကြပ်ပြီးတော့ ကျနော်တို့ကို တရားခံလို ထားပါတယ်” ဟု ရွှေလုပ်သမား တဦး ဖြစ်သည့် ကိုလှိုင်ကြီး က ပြောသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီနှင့် ရွှေလုပ်သားများအကြား သဘောတူညီထားချက်များကို ကုမ္ပဏီ ဘက်မှ အပြည့်အဝ မလိုက်နာသည့်အတွက် ရွှေလုပ်သားများက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းရှိ ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ပြေလည်မှု တစုံတရာ မရရှိသည့်အတွက် မိုင် ၂၇ဝ ခန့် ကွာဝေးသည့် နေပြည်တော်သို့ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ရ ဦး ပါဝင်သည့် ရွှေလုပ်သား ရ၆ ဦးတို့က လမ်းလျှောက် ချီတက်ခဲ့ခြင်း ဖြစ်သည်။