တရုတ်သံရုံးနှင့် ဦးပိုင်ရှေ့ဆန္ဒပြမည့်သူများ ခေါ်ယူမေးမြန်းခံရ

တရုတ်သံရုံးနှင့် ဦးပိုင်ရှေ့ဆန္ဒပြမည့်သူများ ခေါ်ယူမေးမြန်းခံရ
by -
မဇ္စျိမ

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တရုတ်သံရုံးနှင့် ဦးပိုင်လီမိတက်ရုံးရှေ့ ဆန္ဒပြမည့်ကိစ္စ အပေါ် ဗကသ (ဗဟို လုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးရာ ကော်မတီတာဝန်ခံ ကိုသီဟဝင်းတင် အား နယ်မြေခံ SB က ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

တစုံတရာ အကြောင်းပြချက်မရှိဘဲ မေးစရာရှိသည်ဟုဆိုကာ ယနေ့နံနက်က နေအိမ်တွင် လာရောက် ခေါ်ဆောင် သွားကြောင်းနှင့် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လွှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကျော်ကိုကို က ပြောသည်။

“အခုတော့ ပြန်လွှတ်လိုက်ပါပြီ။ အဓိကကတော့ လက်ပံတောင်းတောင် အရေးနဲ့ ပါတ်သက်ပြီး ရန်ကုန်မြို့ တရုတ် သံရုံးရှေ့နဲ့ ဦးပိုင်လီမိတက်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်မယ့် အစီအစဉ်နဲ့ ပါတ်သက်ပြီးတော့ စာမတင်ဘဲ ဆန္ဒပြတာဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း ခေါ်ယူအသိပေးတာလို့ သိရပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ကိုသီဟဝင်းတင် အပြင် ဆန္ဒပြရန် တိုင်ပင်သည့် တနင်္ဂနွေည အစည်းအဝေး တက်ရောက်သူ အခြား သုံးဦးလည်းခေါ်ယူမေးမြန်းခံခဲ့ရကြောင်း “ကိုမိုးသီးဇွန် လာတုန်းက ဖွဲ့ထားတဲ့ အမိမြေ ငြိမ်းချမ်းရေး ရုံးက ကိုရဲလင်း အပါအဝင် စုစုပေါင်း ၄ ယောက်ကိုခေါ်တာ” ဟု ကျော်ကိုကို က ပြောသည်။

ဤသို့ ရှာဖွေပုံစံ၊ ဖမ်းဝရမ်း မပါဘဲ ကြိုတင်ခေါ်ဆောင် စစ်ဆေးမေးမြန်းမှုများကို ရှုံ့ချလိုက်ပြီး ဆန္ဒပြပွဲကို ဆက်လက် လုပ်ဆောင်မည်ဟု ကိုကျော်ကိုကို က ဆက်ပြောသည်။  

“အစီအစဉ်ကတော့ ဖျက်ဖို့ဆန္ဒ မရှိဘူးဗျ။ အများဆန္ဒနဲ့ ဆုံးဖြတ်ချက် ချထားတာ။  မေးချင်တာမေးမယ်၊ လွှတ်ချင်မှ လွှတ်မယ်ဆိုတာမျိုး ခြိမ်းခြောက်မှုတွေ ရှိနေတာကို ဗကသ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်” ဟု ဆိုသည်။

ယခုအခါ ကျောင်းသားငယ်များ နှင့် အခြားစိတ်ပါဝင်စားသူများ ဆန္ဒပြရန် ဆက်လက် ပြင်ဆင်နေကြပြီး ဆန္ဒပြပွဲဖြစ်မြောက်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆားလင်းကြီးမြိုနယ် လက်ပံတောင်း တောင်တွင် သပိတ်စခန်း ဖွင့်၍ ဆန္ဒပြမှု မှာ ကိုးရက် ကြာပြီဖြစ်ပြီး နေ့ညမပြတ် သံဃာတော်နှင့် ဒေသခံပြည်သူများ အင်အား ၂,ဝဝဝ ကျော်ဖြင့် ဆန္ဒပြလျက် ရှိပြီ ယခုအခါ သပိတ်စခန်းခြောက်ခု ရှိလာပြီဖြစ်သည်။

သပိတ် စခန်း ဖွင့်လှစ်၍ ဆန္ဒပြသူ များထဲတွင် သံဃာ တော်များ၊ ဒေသခံ ကျေးရွာသူ၊ ရွာသားများ၊ အကျိုးဆောင် ကွန်ယက်များ၊ လက်ပံတောင်းတောင် အကျိုး စီးပွား ကာကွယ်ရေး ကော်မတီ၊ ဗကသ ကျောင်းသား များ ပါဝင်သည်။

စက်တင်ဘာလအတွင်းကလည်း ကွန်ယက်အဖွဲ့ဝင်များဖြစ်သည့် ကိုဟန်ဝင်းအောင်၊ ကိုအောင်စိုး တို့အား အာဏာပိုင် များက ဆားလင်းကြီးဒေသ လက်ပံတောင်းတောင် စီမံကိန်းတွင် သွေးထိုးလှုံ့ဆော်သည် ဟုဆိုကာ ဖမ်းဝရမ်း ထုတ်ထားခဲ့ဖူးသည်။