တိုင်းရင်းသား ဒီဂရီကောလိပ် ကျောင်းသားများ ဆက်လက် ဆန္ဒပြမည်

တိုင်းရင်းသား ဒီဂရီကောလိပ် ကျောင်းသားများ ဆက်လက် ဆန္ဒပြမည်
by -
မဇ္ဈိမ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရေး ဒီဂရီ ကောလိပ်တွင်ပညာသင် ယူခွင့် ပြန်မရမချင်း ဆက်လက် ဆန္ဒပြသွားမည်ဟု စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးကျောင်းသစ်သို့ ပြောင်းရွှေ့ ခံခဲ့ရသည့် ဆန္ဒပြ ကျောင်းသား ၅၀၀ ခန့်က ပြောသည်။

ရွာသစ်ကြီးတွင် နေထိုင်ရေး၊ ပညာသင်ကြားရေး အဆင်မပြေမှုများ ရှိသဖြင့် ကြာသာပတေးနေ့ ည ရ နာရီမှ စတင်ကာ ၎င်းတို့၏ ပစ္စည်းအထုပ်အပိုးများကို သယ်ဆောင်၍ မူလ ပြည်ကြီးတံခွန် မြို့နယ် ကျောင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

သောကြာနေ့ မွန်းလွဲ ၁၂ နာရီချိန်မှစ၍ ပြည်ကြီးတံခွန်ကျောင်းရှေ့ အပေါက်ဝ ကားလမ်း တလျှောက်တွင် တိုင်းရင်းသား ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ဒူးထောက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပြီး မူလကျောင်းတွင် ပြန်လည်တက်ရောက်ခွင့်ပေးမည့် အဖြေ မရမချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ ကျောင်းသား ရှမ်းတိုင်းရင်းသား ကိုသိန်းကိုကိုအောင် က ပြောသည်။

“ကျနော်တို့ ကျောင်းပြန်ပေးမယ်ဆိုတဲ့ အဖြေမရမချင်း နေပူခံပြီးတော့ ထိုင်စောင့်နေတာပါ။ ကျနော်တို့ ခံစားချက်ကို လူကြီးတွေ အားလုံးသိစေချင်တဲ့သဘော လမ်းလျှောက်မယ်။ ကျနော်တို့ အခဲအခဲတွေ အများကြီးရှိတယ်။ အရင် ကျောင်းတော်ကြီးကိုပဲ ဆက်လက် ပညာသင်ကြားချင်တာ” ဟု မဇ္စျိမကို ပြောသည်။

မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း လာရောက်၍ ကျောင်းသားများ ဆန္ဒအတိုင်း အထက် ဝန်ကြီးဌာနသို့ တင်ပြမည်ဟု ပြောဆိုကြောင်း ကိုသိန်းကိုကိုအောင် က ပြောသည်။

ကျောင်းသားများက ရွာသစ်ကြီးကျောင်းသို့ မပြောင်းရွှေ့လိုကြောင်း သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာ နှစ်ကြိမ် တိုင်တိုင် တင်ပြခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရခဲ့ဘဲ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရ သဖြင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒီဂရီကောလိပ်အား ၂ဝဝဝ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး သိပ္ပံ၊ ဝိဇ္ဇာနှင့် နည်းပညာများ သင်ကြားပေးနေရာ အမှတ်စဉ် ၁၁ ထိ ရှိခဲ့ရာမှ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရွာသစ်ကြီးကျေးရွာသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ၏ နှုတ်မိန့်ဖြင့် ပြောင်းရွှေ့ခံခဲ့ရသည်။

အစိုးရက တိုင်းရင်းသားအရေးအား ဦးစားပေးနေသည်ဟု ပြောသော်လည်း တိုင်းရင်းသား၏ ပညာရေးကို လစ်လျူရှု ခံနေရသည်ဟု ကျောင်းသားများ ခံစားနေရပြီး ၁၂ နှစ်တိုင်တိုင် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် တည်ဆောက်ထားသည့် မူရင်းကျောင်းအား ဆက်လက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုသည့် ဆန္ဒရှိကြသည်ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။

အင်ဂျင်နီယာ ကျောင်းသား ရှမ်းလူမျိုး ကိုအောင်မင်းသန့် ကလည်း ရွာသစ်ကြီးလို နေရာမျိုးတွင် ခေတ်မီနည်း ပညာများနှင့် ပတ်သက်၍ လေ့လာသင်ယူရန် အခက်အခဲရှိကြောင်း “မြို့နဲ့ အလှမ်းမဝေးတဲ့ နေရာ၊ နည်းပညာတွေ အလွယ်တကူ သင်ယူနိုင်တဲ့ နဂိုနေရာမှာ ဆက်သင်ယူလိုတယ်။ IT ခေတ်ဆိုတော့ ဖွံ့ဖြိုးတိုး တက်တဲ့ နည်းပညာကို တတ်နိုင်သလာက် လေ့လာချင်တယ်။ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ကျနော်တို့ လေ့လာချင်တယ်။ ဖွံ့ဖြိုး တိုးတက်နေတဲ့အချိန်မှာ ကျနော်တို့က မြို့ပြနဲ့ အလှမ်းဝေးနေရာမှာလေ့လာနေရတယ် ဆိုတော့ အရမ်း ခက်ခဲတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့အပြင် ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသားဒေသများမှ တက္ကသိုလ်စာမေးပွဲအောင်မြင်သူများက အစိုးရ ဝန်ကြီး ဌာနတိုင်းတွင် ပြန်လည် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်၍ အဆိုပါ ကောလိပ်အား တက်ရောက် လာခြင်းဖြစ်ပြီး မြို့ပြ ဖွ့ံဖြိုး တိုးတက်မှုအား လေ့လာခွင့် ရလိုသည်ဟုလည်း သူက ဆိုသည်။

တစုံတရာ အကြောင်းပြချက် မသိရဘဲ ရွာသစ်ကြီးကျောင်းသို့ ရုတ်တရက် ပြောင်းရွှေ့ရသဖြင့် ဆရာ/ဆရာမ များလည်း အခက်အခဲများစွာ ရင်ဆိုင်ရသည်ဟု ဆရာမ တဦးက ပြောသည်။

“သူတို့ ဖွံ့ဖြိုးနေတဲ့ အခြေအနေမှာ သူတို့ကို သစ်စိမ်းချိုး ချိုးလိုက်သလိုပါဘဲ။ ကျမတို့ အရမ်းခံစားရတယ်။ ကျမတို့ ဘက်ကလည်း အဆင်မပြေမှုတွေ များသလို၊ ကလေးတွေ အတွက်လည်း အရမ်းသနားမိတယ်။ သူတို့တွေက အရမ်း တက်လာတယ်လေ။ ကလေးတွေ ပညာဆက်သင်တယ်။ ဒါပေမယ့် သွားရေးလာရေးရော၊ နေရေးထိုင်ရေးရော ခက်ခဲလာတာကို တွေ့နေရလို့ စိတ်ညစ်ရတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့အပြင် အစားအသောက်အတွက် တရက်လျှင် လူတဦး ၁၅ဝ ကျပ် ထောက်ပံ့ပေးသော်လည်း လုံလောက်မှု မရှိသဖြင့်ကျောင်းသားများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကာ ယခုနှစ် ဘတ်ဂျက်တွင်ကျောင်းသား တဦးလျှင် ကျပ် ၅ဝဝ စီပေးမည်ဟု သိရသော်လည်း ယနေ့ထိ ထောက်ပံ့ခြင်း မရှိသေးကြောင်း ဆက်လက် ပြောဆိုသည်။

ဆန္ဒပြသူများအား အစိုးရ စစ်ကား သုံးစီး အင်အားအပြည့်နှင့် လာရောက်စောင့်ကြည့်နေသလို ထိုကောလိပ်
ကျောင်းသားများ လုံခြံုရေးအတွက် ဆရာ၊ ဆရာမများကလည်း စောင့်ကြည့်နေကြောင်း အဆိုပါ ဆရာမက ဆက်ပြောသည်။

ရွာသစ်ကြီးကျောင်းတွင် လျှပ်စစ်မီး မလုံလောက်ခြင်း၊ ဖုန်းဆက်သွယ်မှု ခက်ခဲခြင်း၊ အင်တာနက် မရရှိခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထားသိုရန် နေရာ မလုံလောက်ခြင်း၊ နေအလင်းရောင် ရရှိမှု နည်းခြင်း၊ မြို့ပြ ယဉ်ကျေးမှုဆိုင်ရာများ လေ့လာခွင့်များ မရှိခြင်းတို့ကြောင့် ယခုကဲ့သို့ ကျောင်းသားများ ဆန္ဒပြရသည်ဟု မန္တလေးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုမျိုးနိုင်က ပြောသည်။

“သူတို့က နယ်စပ်ဒေသကနေ လာပြီးကျောင်းလာတက်တော့ မြို့ပြယဉ်ကျေးမှုကို သိချင်တာ။ အရင်ကျောင်းက သူတို့ ကိုယ်တိုင် စိုက်ပျိုး၊ ပြုစုခဲ့တဲ့ ဥယျာဉ် တော်တော်စုံတယ်။ အဲဒီကျောင်းမှာ ကောင်းတာက ကျောင်းအုပ်ကြီး ကနေ ဆရာမတွေအဆုံး စုပေါင်းရှင်ပြုတာတို့၊ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ခဲ့ကြတာ။ အဲဒီ အနေအထား ကနေ ပျက်သွားတာ။ ကလေးတွေက အဲဒါကို Feeling ဖြစ် (ခံစား)သွားတာ”ဟု သူက မဇ္စျိမကို ပြောသည်။

ထို ပြည်ကြီးတံခွန်ကျောင်းအား မန္တလာ ကောလိပ်ကျောင်း ဟူ၍ ဖွင့်လစ်မည်ဟု ကြားသိရသည်ဟု ကျောင်းသား များက ဆိုသည်။

ထိုကောလိပ်ကျောင်းတွင် ဝေးလံခေါင်ပါးသည့် နယ်စပ်ဒေသများမှ ကချင်၊ ရှမ်း၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသား လူမျိုး ၃၃ မျိုးမှ ကျောင်းသား ၅ဝဝ ကျော် ပညာ သင်ကြားနေပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း ၁ဝဝ ခန့် ရှိသည်ဟု သိရှိရသည်။

Most read this week