အဖွဲ့အစည်းကွဲမည် မဟုတ် ဟု ကေအဲန်ယူ ပြော

အဖွဲ့အစည်းကွဲမည် မဟုတ် ဟု ကေအဲန်ယူ ပြော
by -
ကေအိုင်စီ

စက်တင်ဘာလက ဖွင့်လှစ်ခဲ့သည့် ဖားအံဆက် ဆံရေးရုံးကိစ္စနှင့် ပတ်သက်၍ အဖွဲ့အစည်းအတွင်း အကွဲအပြဲရှိ နိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ မဟုတ်မှန်ကြောင်း ကရင်အမျိုးသားအစည်း အရုံး-ကေအဲန်ယူ က ယနေ့ထုတ်ဖော်ပြောဆိုသည်။

ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တလောက ကျနော်တို့ရဲ့ အဖွဲ့အစည်းထဲမှာ သဘောထားကွဲလွဲနေတဲ့အပေါ် ကွဲကြမယ်ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ သဘော ထားကွဲမှုကြောင့် အဖွဲ့အစည်းကွဲမှုတော့ မဖြစ်စေရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသဘောထားကွဲလွဲနေမှုများကို (၁၄)ကြိမ်မြောက် ကွန်ဂရတ်အပြီး အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကေအဲန်ယူ ဖားအံခရိုင်တွင် ကျင်းပသော စတုတ္တအကြိမ်မြောက် အမြဲတမ်း ဗဟိုကော်မတီ အစည်းအဝေးတွင် အချင်းချင်း ကျေကျေလည်လည် ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း ယနေ့ရက်စွဲ ဖြင့် ကေအဲန်ယူက ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကြေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဗိုလ်မှူးစောလှငွေက “သဘောထားကွဲလွဲမှုတွေ ပြန်ညှိလို့ရတာပဲဆိုပြီး ကျနော်တို့ အရေးပေါ်အစည်းအဝေးလုပ်ပြီး ညှိကြတယ်။ အဲဒီအရေးပေါ်မှာ ကျနော်တို့ ရည်မှန်းချက် ထားထားတဲ့အတိုင်း ဗဟိုပုံမှန်အစည်းအဝေးကို လုပ်သွားနိုင်တဲ့အကြောင်းကို ကရင်ပြည်သူတွေကို သိစေချင်လို့ပါ” ဟု ပြောသည်။

စတုတ္တအကြိမ်မြောက် အမြဲတမ်း ဗဟိုကော်မတီအစည်းအဝေးတွင် သဘာပတိ အဖွဲ့ဝင်များအဖြစ် ဒုဥက္ကဌ ပဒိုဒေးဗစ် သာကပေါနှင့် ဗိုလ်ချုပ်မှူးကြီး မူးတူးစေးဖိုးတို့ ဦးဆောင်ခဲ့ပြီး အမြဲတမ်း ဗဟို ကော်မတီဝင်နှင့် အရံကော်မတီဝင် (၄၀) ဦးတက်ရောက်ခဲ့ဟု ကေအဲန်ယူ ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် အစည်းအဝေးတွင် ပြီးခဲ့သည့် ၄ နှစ်တာ ကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေ အနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေများ၊ အခြေခံလမ်းစဉ်လုပ်ငန်းစဉ်များကို ပြန်လည်သုံး သပ်ပြီး ပြင်ဆင်ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း ကေအဲန်ယူက ပြောသည်။

စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်၊ စစ်မှန်သည့် ပြည်ထောင် စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်အညီ ပူးပေါင်းဆောင် ရွက်သွားရန်၊ ကရင်အမျိုးသားများ၏ အကျိုးကျေးဇူး ခံစားခွင့်ရရှိရေးနှင့် တန်းတူညီတူ အခွင့်အရေး ရရှိရန် ပြည်တွင်း ပြည်ပ ကရင်များနှင့်အတူ ပူးပေါင်းသွားမည်ဟုလည်း ကေအဲန်ယူ၏ ကြေညာချက်က ဆိုသည်။

ကေအဲန်ယူသည် နောက်သက်တမ်း ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ရ ရက်နေ့ အထိ ၁၅ ကြိမ်မြောက် ညီလာခံကျင်းပရန်ရှိသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

လာမည့် ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်လူမှုအခြေပြုအဖွဲ့အစည်းများအား ဖိတ်ကြားထားသလို KNU ၏ လက်ရှိ လုပ်ငန်းစဉ်များ အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးမေးမြန်းမည့် အစီအစဉ် ထည့်သွင်းထားသည့် အတွက် သတ်မှတ်ရက်ထက် ပိုကြာနိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး အပါအဝင် ကေအဲန်ယူခရိုင်၊ တပ်မဟာ ခေါင်းဆောင် ၃၁ ဦးပါ၀င်သည့် အဖွဲ့က  KNLA တပ်မဟာများ ဆက်ဆံရေးဖွင့်ရန် စက်တင်ဘာ ၂၇ ရက်နေ့က ဖားအံမြို့သို့ ထွက်ခွာခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ KNU ဗဟိုဌာ နချုပ်မှ ၎င်းတို့၏ အစီအစဉ် မဟုတ်ကြောင်း ကြေညာချက်ပြန်ခဲ့သလို ယင်းကိစ္စ ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောဒေးဗစ်ထော (ကွယ်လွန်) တို့ကို တာဝန်မှ ထုတ်ပယ်လိုက်ကြောင်း ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ထုတ်ပယ်လိုက်သည့် စစ်ဦးစီးချုပ်နှင့် ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို ကေအဲန်ယူ အဖွဲ့၏ စည်းလုံးညီညွတ်မှုအတွက် ရှေ့ရှုပြီး အောက်တိုဘာလ ၂၅ ရက်နေ့က မူလတာဝန်များအတိုင်း ပြန်လည်ပေးအပ်ခဲ့သည်။