ရာဘာစေး အထွက်နည်းခြင်းကြောင့် မွန်ရာဘာခြံပိုင်ရှင်များ ငြီးငြူ

ရာဘာစေး အထွက်နည်းခြင်းကြောင့် မွန်ရာဘာခြံပိုင်ရှင်များ ငြီးငြူ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်တွင် ရာဘာအစေးခြစ်လုပ်ငန်းကို အောက်တိုဘာလမှ စတင်ပြီး တွင်တွင်ကျယ်ကျယ် လုပ်ကိုင် လာသော်လည်း ရာသီဥတု ပူနွေးလာမှုကြောင့် ယခင်နှစ်ကထက် ရာဘာစေး အထွက်နည်းသည့်အတွက် ရာဘာခြံရှင်များက ငြီးငြူနေကြသည်။

ရေးမြို့နယ်အတွင်းရှိ ရာဘာခြံတစ်ခြံ
“ရာဘာ အပင်ကြီး (၄၀ဝ) တယောက်ခြစ်စာကို မနှစ်က ဒီအချိန်မှာဆို နေ့စဉ် မျှမ်းမျှခြင်း ပေါင် (၃၀) လောက် ထွက်တယ်၊ ဒီနှစ် အစေးခြစ်လာတာ နှစ်လရှိပြီ ဒါပေမဲ့ နေ့စဉ် မျှမ်းမျှခြင်း (၂၂) ပေါင်ပဲ ထွက်တယ် ” ဟု သံဖြူဇရပ်မြို့ ဝယ်သွန်းချောင်းရွာမှ ခြံပိုင်ရှင် နိုင်အောင်က ပြောသည်။

ရာဘာစေး အထွက်ကောင်းရန် အပင်များကို ဓါတ်မြေသြဇာ ကျွေးပြီး ပုံမှန် ပြုစုခဲ့သော်လည်း ကိုင်းဆက်စိုက် ရာဘာမျိုးနှင့် သမာရိုးကျ အမျိုးစေ့စိုက် ရာဘာပင် အမျိုးအစားအားလုံး ရာဘာအစေး အထွက်နည်းနေခြင်း ဖြစ်သည်။

အလားတူ မုဒုံမြို့နယ် ကျုံဖိုက်ရွာ ရာဘာခြံရှင်တဦးကလည်း “ရာဘာအပင်ကြီး (၄၀ဝ) လောက်ဆိုရင် ခါတိုင်းနှစ် ရာဘာအစေး ပေါင်ချိန် (၃၅) ပေါင်လောက်ကို နေ့တိုင်း ခြစ်လို့ ရတယ်၊ ဒီနေ့ ပေါင် (၂၀) လောက်ပဲရတယ်၊ ရာသီဥတုကြောင့်ပဲ ထင်တယ်” ဟု ပြောဆိုလိုက်ပြီး ယခုနှစ် ရာဘာထွက်နှုန်းလျှော့ကျ သော်လည်း ရာဘာဈေးနှုန်းမှာ ယခင်နှစ်အတိုင်းပင် ဖြစ်သည်ဟု ဆက်ပြောသည်။

မွန်ပြည်နယ်၌ မုဒုံမြို့နယ်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ရာဘာစိုက်ပျိုးဧက ထောင်ပေါ်င်းများစွာ ရှိကြောင်းနှင့် “ဒီနှစ်မှာ ရာဘာစေး ထူးထူးကဲကဲ အထွက်လျှော့နည်းရတာက လေပြင်းတိုက်ခိုက်ဒဏ် အကြိမ်ကြိမ် ထိခဲ့တာရယ်၊ နောက်ပြီး ဆောင်းတွင်းကားလမှာ အပူချိန်မြင့်နေတော့ ရာဘာစေး အထွက်နည်းရတယ်’’ ဟု ရာဘာလုပ်ငန်း ကျွမ်းကျင်သည့် မုဒုံမြို့နယ် ကျုံဖိုက် ရာဘာ သုတေသနခြံမှ ဝန်ထမ်းတဦးက ပြောသည်။

ဆောင်းတွင်းကာလ ညပိုင်းများတွင် ပုံမှန်အပူချိန် (၁၈) မှ (၂၀) ဒီဂရီ စင်တီဂရိတ်ခန့် ရှိပါက ရာဘာအစေး ထွက် ကောင်းနိုင်သော်လည်း ယခု ညပိုင်းအပူချိန်မှာ ၂၅ ဒီဂရီ စင်တီဂရိတ်အထက် ရှိနေခြင်းကြောင့် ရာဘာအစေး အထွက်နည်းခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးမှု အများဆုံးဒေသမှာ မွန်ပြည်နယ်ဖြစ်ပြီး စိုက်ဧက (၅၀ဝ,၀ဝဝ) ကျော်ရှိသည်။ မွန်ပြည်နယ် (၁၀) မြို့နယ်ရှိသည့်အနက် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင် ရာဘာအထွက် အများဆုံးဖြစ် သည်။

မုဒုံမြို့နယ်သည် ရာဘာစိုက်ဧက (၅၀,ဝဝဝ) ခန့် ရှိပြီး ၄င်းတို့အနက် အစေးထုလုပ်နိုင်သည့် ဧက (၃၃,၀ဝဝ) ကျော် ရှိသည် ဟု မုဒုံမြို့နယ် ကျုံဖိုက်ရာဘာ သုတေသနခြံ ဝန်ထမ်းက ပြောဆိုသည်။