ဒေသတွင်း ဗုံးပေါက်ကွဲမှု ကျားဖြူပါတီမှ အထောက်အထား စုဆောင်းမည်

ဒေသတွင်း ဗုံးပေါက်ကွဲမှု ကျားဖြူပါတီမှ အထောက်အထား စုဆောင်းမည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားနေသည့်အပေါ် ကျားဖြူပါတီ လွှတ်တော် အမတ်များက လူထုထံမှ အထောက်အထားများ စုဆောင်းပြီး တာဝန်ရှိသူများထံ တင်ပြသွားမည်ဟု ပြောဆိုသည်။

ယခုလ အတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအတွင်း ဒေသခံလူထုများ မြေစာပင် ဖြစ်နေသည့် အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျားဖြူပါတီလွှတ်တော်အမတ် စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောသည်။

“အခုလိုအကြိမ်ကြိမ် ဗုံးပေါက်ကွဲနေတာကြောင့် ဒေသခံလူထု အဖမ်းခံရတယ်။ ရိုက်နှက်ခံရတယ်။ အိမ်တွေပျက် စီးတယ်။ အဲလိုလုပ်နေတဲ့အပေါ် ကျနော်တို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်အမတ်တွေ ကနေ လူထုနဲ့တွေ့ ဆုံပြီး မေးမြန်းရရှိလာတဲ့ သက်သေ အထောက်အထားတွေကို စုဆောင်းမယ်။ အထက်ကိုလဲ စာတင်နိုင်ဖို့လုပ်သွားမယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းက ဌာနဆိုင်ရာတွေ နဲ့အတူပေါ့နော်။ လာမယ့်အပတ်ထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်”

၁၉ ရက်မနက်က ဗုံးနင်းမိသော ပကာကျေးရွာသူ နန်းအေးဌေး (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ၌ အမည်မသိလက်နက်ကိုင် အဖွဲ့တခုက ဝမ့်တာ့လုံရွာထဲသို့ ယခုလ ၉ ရက်နေ့ မနက် ၃ နာရီခန့်က တကြိမ်၊ ဝမ့်ပေါက်ရွာတွင် တကြိမ်၊ ၁၄ ရက်နေ့ ဝမ့်လုံရွာတွင်တကြိမ် လက်နက်ကြီးပစ်ခတ်ခံရပြီး ၁၉ ရက် ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာတွင် ရွာသူတဦး ဗုံးနင်းမိ သဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောဆိုသည်။

မိုင်းငေါ့ မြို့နယ်ခွဲအတွင်း အခြားသော လက်နက်ကိုင် တပ်ဖွဲ့များ မရှိဘဲ အစိုးရတပ်များသာ လှုပ်ရှားနေပြီး လက်နက်ကြီးပစ်ခတ်ခံရသည့် ကျေးရွာများနိုက် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသလို ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ဒေသခံ လူထုတို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရသည်ဟု ဒေသခံ တဦးက အခုလို ပြောသည်။

“လက်နက်ကြီး ဒဏ်တွေကြောင့် ဝမ့်ပေါက်ရွာ သူကြီးဆိုရင် ခု မန္တလေးဆေးရုံမှာ ဆေးကုနေရတုန်းဘဲလို့ကြား ရတယ်။ ပစ်ခတ်မှုတွေ ဗုံးကွဲမှုတွေဖြစ်ပြီးနောက်ပိုင်းမှာလဲ မိုင်းငေါ့အုပ်စု ဝမ့်ကောင်းရွာက ဥက္ကဌဟောင်း စိုင်းစံညွန့်နဲ့ ပြည်သူ့စစ် လုံးဂန္ဓမာ တို့ ၂ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့က ရဲက လာဖမ်းတယ်။ စိုင်းစံညွန့် ကိုတော့ ဖမ်းတဲ့နေ့ မှာဘဲ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့တယောက်ကိုတော့ မနေ့ညနေကမှပြန်လွှတ်တယ်။ ရွာသားတွေ သွားပြီးထောက်ခံလို့ ပြန်လွှတ်ပေးတာ” ဟု မိုင်းငေါ့ဒေသခံ နန်းလီ ကပြောသည်။

ယမန်နေ့က ဗုံးနင်းမိသည့် နန်းအေးဌေးနှင့် ပတ်သက်၍ အစိုးရပိုင် မြဝတီ သတင်းဌာနက “အကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ” ဟု သတင်းများ ရေးသားဖော်ပြ ထားသည်။

သျှမ်းပြည်တပ်မတော် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ဒု-အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူးက အဆိုပါ ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများသည် မိမိတို့လက်ချက်မဟုတ်ကြောင်း၊ မိုင်းငေါ့ ဒေသအတွင်း လှုပ်ရှားနေသည့် အစိုးရစစ်ကြောင်းနှင့် ဒေသခံရဲများ ပူးပေါင်းကြံစည်ခြင်း သာဖြစ်ကြောင်း ငြင်းဆိုခဲ့သလို ယင်းဒေသတဝှိုက်တွင် မြန်မာ အစိုးရတပ်ဖွဲ့ဝင်များသာ လှုပ်ရှားနေကြောင်း ဒေသခံရွာသားများနှင့် ကျားဖြူပါတီလွှတ်တော်အမတ်များက ပြောဆိုသည်။

သို့သော် ဒေသအတွင်းလှုပ်ရှားသည့် အစိုးရစစ်ကြောင်းနှင့် မိုင်းငေါ့ရဲစခန်းတို့ ပူးပေါင်း၍ ဗုံးပေါက် ကွဲမှုမှာ ၎င်းတို့လုပ်ရပ်မဟုတ် SSPP/SSA တို့၏ လုပ်ရပ်သာဖြစ်ကြောင်း သောကြာနေ့က လူထုအားခေါ်ယူ ရှင်းလင်းခဲ့ ကြောင်း သိရသည်။