ထိုင်း-မြန်မာနယ်စပ်ရှိ ဝတ့်ဖှဝိန်းအင်း ကျောင်းတိုက်၌ သျှမ်းသမိုင်းပြတိုက် တည်ထောင်သူ ဆရာတော် အား ၂၀၁၂ ‘သုစန္ဒီ’ ဆု ချီးမြှင့်ခဲ့သည်။
နိုဝင်ဘာ ၁၇ ရက် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စု လတ်တိုင်ရွာ ဝတ့်ဖှဝိန်းအင်း ကျောင်းတိုက်၌ ၅ ကြိမ်မြောက် ၂၀၁၂ ‘သုစန္ဒီ ခေါင်းဆောင်’ ဆု ချီးမြှင့်ပွဲ အခမ်း အနားတရပ် ကျင်းပရာ သီပေါ မဟာဒေဝီ စဝ်သုစန္ဒီ ကိုယ်စား ဆုအပ်နှင်းရေး ကော်မတီဝင်များ ဖြစ်သည့် ကျိုင်းတုံစော်ဘွားမျိုးဆက် စဝ်ယင်းဖစ်ဖား၊ နန်းချမ်တောင်း၊ ဒေါက်တာ ဝစ် တို့က တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ၂၀၁၂ ‘သုစန္ဒီ’ ဆုကို ဝတ့်ဖှဝိန်းအင်းမှ ဆရာတော် ‘စဝ်သီရိ’ အား အပ်နှင်းခဲ့သည်။
“ဆရာတော်ဟာ သျှမ်းစော်ဘွားတွေရဲ့ သမိုင်းကို ခက်ခက်ခဲခဲ သွားရောက်မေးမြန်းပြီး ဓာတ်ပုံ တွေ ရိုက်ယူခဲ့တယ်။ ရှေးခေတ်ဓာတ်ပုံတွေသာမက ဒီခေတ် သျှမ်းပြည်သားတွေရဲ့ လူနေမှုစရိုက် သဘာဝ ပုံတွေလည်း ရိုက်ယူခဲ့တယ်။ မျိုးဆက်သစ်လူငယ်တွေ ကိုယ့်သမိုင်းကြောင်းကို လေ့လာနိုင်တယ်” ဟု နန်းချမ်တောင်း က ပြောပါသည်။
ဆရာတော် ‘စဝ်သီရိ’ သည် သမိုင်းကို စိတ်ဝင်စား၍ နက်နက်နဲနဲ ရှာဖွေလေ့လာသူ၊ စာပေယဉ်ကျေးမှု ကို ချစ်မြတ်နိုးပြီး လူငယ်တွေ ကိုယ့်စာပေ သင်ယူအောင် တိုက်တွန်းတတ်သူ၊ ကိုယ့်ဘာသာ သင်ယူ တတ်သူ (self-study) ၊ အပြောနှင့်အလုပ်ညီသူ၊ ဆရာကောင်းတယောက်ဖြစ်ပြီး ကျောင်းတိုက် တိုး တက်ရန် ထိန်းသိမ်းစောင့် ရှောက်တတ်သူ ဖြစ်သည့်အတွက် ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်ဟု ဆို၏။
“ဦးပဥ္ဇင်း မိုင်းဖှန်မှာ နေတုန်းက ကွဏ်းခေါ် စာစောင်ထဲက “လူဖြစ်လာရင် အမျိုးသားအတွက် ဒါမှမဟုတ် ဘာသာသာသနာအတွက် တခုခုကို ထမ်းဆောင်ရမယ်” ဆိုတဲ့ စဝ်ကွဏ်းဇိဏ်းရဲ့ စကားတစ်ခွန်းကို ဖတ်မိတယ်။ ဒါကြောင့် ဘာသာသာသနာ တာဝန်ကို ထမ်းဆောင်မယ်ဆိုပြီး ဝတ့်ဖှဝိန်းအင်းကို ရောက်လာတာပါ။ တကယ်လို့ ဘာသာစာပေတွေ ပျောက်ကွယ်ရင် လူမျိုးလည်း ပျောက်ကွယ်ပြီ။ ဒါကြောင့် ကိုယ့်လူမျိုး မပျောက်ကွယ်စေချင်ရင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ဘာသာစာပေတွေ လူငယ်တွေ သိရှိအောင် လမ်းပြပေးပါလို့ တိုက်တွန်းချင်တယ်” ဟု ဆုရှင် ဆရာတော် စဝ်သီရိ က ပြောပါသည်။
သက်တော် ၃၄ နှစ်ရှိ ဆရာတော် ဦးသီရိ သည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်စိမ်းရွာ၌ ၁၉၇၈ တွင် မွေးဖွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ မိုင်းဖှန်သို့ ဝင်ရောက်လာပြီး သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့သည်။ ၂၀၀၃ တွင် ဝတ့်ဖှဝိန်းအင်း သို့ ရောက်ရှိလာပြီး ဘာသာစာပေ သာသနာ လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ခဲ့သည်။
လူထုအကျိုးပြု လုပ်ငန်းများ ထမ်းဆောင်နေသူများအား ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်မှစ၍ ‘သုစန္ဒီ ခေါင်းဆောင်’ ဆုကို ချီးမြှင့်ခဲ့ရာ စိုင်းဖူးမိဏ်း၊ စိုင်းဆိုင်ဖန်း၊ နန်းမွန်းကျိန်နှင့် ဆေးမှူး စိုင်းပေတ တို့ အသီးသီး ရရှိခဲ့ကြသည်။