ငြိမ်းချမ်းရေးအတွက် သျှမ်းလူငယ်များ စစ်တမ်းကောက်

ငြိမ်းချမ်းရေးအတွက် သျှမ်းလူငယ်များ စစ်တမ်းကောက်
by -
သျှမ်းသံတော်ဆင့်

စစ်မှန်သောငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရန်ကုန်တွင် ကျင်းပမည့် သျှမ်းညီလာခံ၌ တင်ပြဆွေးနွေးနိုင်ရန် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီးအပြင် ထိုင်းနိုင်ငံချင်းမိုင် နှင့် ဘန်ကောက်ရောက် သျှမ်းလူမျိုးများအကြား လူငယ်များက စစ်တမ်း ကောက်ယူ နေကြောင်း သိရသည်။

“အခုလုပ်မည့်အစည်းအဝေးက သျှမ်းတွေကြီးဘဲ ဆိုတော့ အခုကောက်မဲ့ စစ်တမ်းကလဲ သျှမ်းလူမျိုးတွေကြား ထဲမှာဘဲ ကောက်ယူမှာ။ ဒီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စုစည်းမယ်လို့စီစဉ်ထားတယ်။ ပြီးရင်ရလာတဲ့ အချက် အလက်တွေကို အစည်းအဝေးမှာ တင်ပြ မယ်။ လူကြီး တွေအတွက် ဆွေးနွေးဆုံးဖြတ်ဖို့ အထောက် အကူ ဖြစ်ဖို့လေ” - ဟု မန္တလေးရောက် လူငယ်စိုင်းဇင့်က ပြောသည်။

စစ်တမ်းကောက်ရာမှာ နိုင်ငံရေးကဏ္ဍ၊ သျှမ်းပြည်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ကဏ္ဍ၊ လူဦးရေ နှင့် အမျိုးသားမှတ်ပုံတင် ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးကဏ္ဍ၊ သျှမ်းစကားမပြောတတ်တဲ့ သျှမ်းအမျိုး သားများ ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ဘာသာရေး ဆိုင်ရာ ကဏ္ဍအပါအဝင် မေးခွန်းပေါင်း ၄၇ ခု ပါ၀င်မေးမြန်း ထားသည်ဟု သိရသည်။

“အဓိက ကတော့ ကျနော်တို့ တွေ တစ်သံတည်းထွက်နိုင်ရင် တခြားတိုင်းရင်းသားတွေနဲ့လဲ စည်းလုံးမှုရနိုင်မယ်။ အဲဒါကြောင့် ရန်ကုန်မှာ ကျင်းပမယ့်အစည်း အဝေးမှာ အချိန်မကုန်ဘဲ ရှုဒေါင့်ပေါင်းစုံ ဆွေးနွေးနိုင်အောင် ကျနော် တို့ ပြည်တွင်း ပြည်ပလူငယ်မခွဲခြားဘဲ တမျိုးသားလုံးအတွက် အလုပ်လုပ်နေတာဘဲဖြစ်တယ်။ ကျနော်တို့လဲ အစည်းအဝေး ခေါ်မယ်။ ရှိတဲ့အချက်တွေချပြမယ် ဆွေးနွေးမယ်။ ရန်ကုန်အစည်းအဝေးသွားဖို့ ပြင်ဆင်မယ်”- ဟု ချင်းမိုင်ရောက် လူငယ် တဦးဖြစ်သည့် စိုင်းဆိုင်က ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် နေ့မှစ၍ သုံးရက်ကြာကျင်းပမည့် အဆိုပါ သျှမ်းညီလာခံသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း တို့လည်း တက်ရောက်မည် ဟုသိရသည်။

အစည်းအဝေးသို့ ကျားဖြူခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP မှ စဝ်ဆိုင်မိဏ်း၊ ကျားခေါင်း ခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ခွန်ထွန်းဦး၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ဟု လူသိ များသည့် SSPP/SSA နာယက ဗိုလ်ချုပ်ဆေထဲန်၊ သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် RCSS/SSA မှ ငြိမ်းချမ်း ရေးကော်မတီ ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး၊ သျှမ်းနီအမျိုးသား တိုးတက် ရေးပါတီ (TNDP) မှ ကိုယ်စားလှယ်၊ ပြည်ပရောက် သျှမ်းခေါင်းဆောင်များ၊ မြိုနယ်အဆင့် ကိုယ်စား လှယ်များ၊ လူမှုအသိုင်းအဝိုင်းမှ ကိုယ်စား လှယ်များ တဖွဲ့လျှင်အနည်းဆုံး နှစ်ယောက် တက်ရောက်မည်ဟု သိရပြီး တသီးပုဂ္ဂလ ဖိတ်ကြားထားသူများလည်း ပါ၀င်ကြောင်း သိရသည်။