လာမည့်တနင်္ဂနွေနေ့မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူတော့မည်ဟု သိရသည်။
လိုင်စင်မဲ့စက်တပ်ယာဉ်များနှင့်ပတ်သက်သော အစည်းအဝေးတစ်ရပ်ကို မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့သည်ဟု မြို့ခံ သတင်းထောက်တစ်ဦးက ပြောသည်။
၄င်းက “ ကိုယ့်နယ်မြေမှာရှိတဲ့ လိုင်စင်မဲ့မော်တော်ကားနဲ့ ဆိုင်ကယ်တွေကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ရဲကိုအချိန်မီသတင်းပေးပို့ပြီး ဖမ်းဆီးသွားမယ်လို့ဆိုပါတယ်၊ ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေကို အုပ်ချုပ်ရေးမှူါ်တွနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပူးပေါင်းဖေါ်ထုတ်ပေးဖို့လည်း ပါတယ်” ဟုပြောသည်။
တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား တရားဝင်လိုင်စင်ပြုပေးသည့် ၅ လ စီမံချက်သည်လည်း လွန်ခဲ့သည့်နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ဖြစ်သည်။
မော်လမြိုင်မှ ဆိုင်ကယ်ပွဲစားတစ်ဦးက “လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကတော့ သိပ်ကိုနည်းသွားပါပြီ၊ အခုလဆန်းပိုင်းမှာပဲ မော်တော်ဆိုင်ကယ်လိုင်စင်လုပ်တာ ရပ်ဆိုင်းလိုက်တယ်” ဟု ပြောသည်။
ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ၁၈-၁၁-၂၀၁၂ ရက်နေ့မှစ၍ လိုင်စင်မဲ့စက်တပ်ယာဉ်များအား ဖမ်းဆီး အရေးယူ ဆောင်ရွက်မည့် အခြေအနေများကို မိမိရပ်ကွက်နေပြည်သူများ သိရှိလိုက်နာကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့် အသိပေးပြောကြားသွားရန် မှာကြားခဲ့သည်။
မော်လမြိုင်မှ ကားရောင်းဝယ်နေသည့် ပွဲစား ကိုဇော်ဇော်က “၂၀ဝ၄ ကာလဝန်းကျင်လိုပဲ ကားကိုဖမ်းသိမ်းမယ်လို့ ပြောနေကြတာပဲ၊ နောက်တစ်ခုက အခွန်ဒဏ်ကြေးတွေဆောင်ရမယ်လို့လည်း ပြောနေကြတယ်၊ တိတိကျကျပြောရရင် ဖမ်းဆီးမယ်ဆိုတာက သေချာနေတယ်၊ ဒါပေမယ့် အခန့်မသင့်ရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့အရေးယူခံရနိုင်တယ်” ဟု ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းမှ လိုင်စင်မဲ့မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိပြီး အဆိုပါယာဉ်မောင်း ၃ ဦးတို့အား ပို့ကုန်/ သွင်းကုန် ဥပဒေ ပုဒ်မ ၈ /၁ဝ အရ အရေးယူထားကြောင်း မြန်မာ့တပ်မတော်၏ မြဝတီသတင်းတွင် ဖေါ်ပြခဲ့သည်။
လိုင်စင်မဲ့စက်တပ်ယာဉ်များအား ထိရောက်စွာအရေးယူနိုင်ရန်အတွက် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွင် အကောက်ခွန်၊ ကညနဌာနအရာရှိများအပြင် သတင်းမီဒီယာသမားများလည်း ပါဝင်မည်ဟုသိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ တရားမဝင်နည်းလမ်းဖြင့် ပြည်တွင်းသို့ဝင်ရောက်ခဲ့သော မော်တော်ယာဉ်အစီးရေ တစ်သောင်းကျော်ရှိနေပြီဟု နယ်စပ်ကားအရောင်းအဝယ်လောကမှ ပြောဆိုနေကြသည်။