၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အား ရေးမြို့နယ်မှသောင်းသောင်းဖြဖြကြိုဆို

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အား ရေးမြို့နယ်မှသောင်းသောင်းဖြဖြကြိုဆို
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် ရေးမြို့နယ်သို့ လူထုတွေ့ဆုံဆွေးနွေးပွဲ သွားရောက်ခဲ့သော မင်းကိုနိုင် ခေါင်းဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့အား ရေးမြို့နယ်မှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး မိန့်ခွန်း ဟောပြောမှုများပြုလုပ်ခဲ့ရာ ထောင်နှင့်ချီသော ဒေသခံလူထုများ ကြိုဆိုခဲ့ကြဟု ခရီးစဉ်တွင်လိုက်ပါသူ သံလွင်တိုင်းမ်သတင်းဂျာနယ် မင်းမင်းနွယ်က ပြောသည်။

ထို့အပြင် “ဒီမိုကရေစီအားနည်းနေသေးတဲ့ကျနော်တို့နိုင်ငံမှာ လွှတ်တော်အတွင်းမှာ နိုင်ငံရေးအရ တောင်းဆို တိုက်ပွဲဝင်နေသလို လွှတ်တော်ပြင်ပမှာရှိနေပြီး နိုင်ငံရေး အဖွဲ့အစည်းတွေမှာ မပါဝင်တဲ့ သံဃာတော်တွေ၊ လူငယ်ကျောင်းသား၊ ပြည်သူ့ဝန်ထမ်းတွေပါဝင်တဲ့ လူမှုအခြေပြုအဖွဲ့အစည်း civil society တွေအင်အားကောင်းဖို့ လိုအပ်တဲ့အကြောင်း ကျောင်းသားခေါင်းဆောင်တွေက ရှင်းပြခဲ့တယ်” ဟု မင်းမင်းနွယ်က ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့များ ရေးမြို့သို့ရောက်ရှိခဲ့ပြီး ရွှေဆံတော် ဘုရားဝင်း ဓမ္မာရုံတွင်၄င်း၊ ၁၂ ရက်နေ့လည်ပိုင်း၌ ရေးပင်လယ်ဝရှိ အစင်ကျေးရွာတွင်၄င်း၊ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့လည်ပိုင်း၌ လမိုင်းမြို့ပေါ်တွင်၄င်း ဟောပြောပွဲများပြုလုပ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင် မင်းဇေယျာ၏ ဇာတိဖြစ်သော မုဒုံမြို့နယ်၊ ကမာဝက်ရွာတွင် ညအိပ်ရပ်နားမည်ဟု ဆိုသည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “ခြိမ်းချောက်တဲ့လူတွေကို တုံ့ပြန်ဖို့ ကျနော်တို့မှာ တနည်းပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ မကြောက်ဘူးဆိုတာကို လုံးဝပြလိုက်ရင် သူတို့ ဘာမှဆက်လုပ်လို့ မရတော့ဘူး...” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

လူမှုအခြေပြုအဖွဲ့အစည်း Social Society များအနေဖြင့် မိမိဒေသအတွင်း အာဏာပိုင်တို့၏ မတရားပြုမှု၊ ခြိမ်းခြောက် မှုမှန်သမျှကို မီဒီယာများမှတဆင့် ဖေါ်ထုတ်သွားရန် ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းပြောဆိုခဲ့သည်။

ယင်းအဖွဲ့၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းစဉ်အား နိုဝင်ဘာ ၉ ရက်နေ့မှစတင်ခဲ့ပြီး ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံနှင့် သံဖြူဇရပ်မြို့များတွင် မိန့်ခွန်းဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Most read this week