ရှမ်းပြည်မြောက်ပိုင်းတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေး

ရှမ်းပြည်မြောက်ပိုင်းတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေး
by -
သျှမ်းသံတော်ဆင့်

သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ ကိုသျှမ်းပြည်မြောက်ပိုင်း၊ မူစယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ဇေယျသုခ စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဝင်းအတွင်း  ဖွင့်လှစ်ထားပြီး နိုဝင်ဘာ ၁၁ ရက် မနက်ကစ၍ မျက်စိရောဂါဝေဒနာ ရှင်များ ကို အခမဲ့ ကုသပေးနေပြီဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

 သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ နမ့်ခမ်းမြို့

“မနက် ၉ နာရီ က နေ စတင်ပြီး မျက်စိရောဂါဝေဒနာရှင် တွေကို ၁၀ ယောက် တစ်သုတ် နဲ့ စတင် စမ်းသပ်ပေး တယ်၊ မနေ့ကတရက်ထဲမှာ စာရင်းပေးထားသူ   အယောက် ၅၀၀ ကျော် တယ်။ အယောက် ၂၀၀ ကို  ပြီးအောင် စမ်းသပ်ပေးမယ်၊ ကျန်တဲ့ သူတွေကိုလည်း နောက်နေ့ဆက်ပြီး စမ်းသပ်ကုသပေးမယ်” ဟု မျက်စိအထူး ကုဆေးရုံ အလုပ်အမှုဆောင် တစ်ဦးက ပြောသည်။

မျက်စိရောဂါဝေဒနာသည်များသည် မူစယ်နှင့် နမ့်ခမ်းမြို့ နယ် ထဲမှ ဖြစ်ကြပြီး အများစုမှာသက်ကြီးရွယ်အို များဖြစ်ကြ ကြောင်း၊  လာရောက်ကုသပေးသည့် ဆရာဝန်များ သည် သီတဂူဆရာတော်ဦး ဆောင် ဖွင့်လှစ်ထားသော စစ်ကိုင်းရှိ မျက်စိ အထူးကုဆေးရုံ(အခမဲ့) မှ မျက်စိအထူးကု ကျွမ်းကျင်ဆရာဝန် များဖြစ် ကြကြောင်း ၊ စမ်းသပ်ပေးသည့် စက်များမှာလည်း နောက်ဆုံးပေါ် (အမေရိကန်နှင့်ဂျပန်နိုင်ငံ) ထုတ်  စက်များဖြစ်ကြောင်း ၄င်း ဆိုသည်။

ကောင်းနောင်မိုရပ်ကွက်နေ အသက် ၈၆ နှစ်အရွယ်ရှိ အဘိုးအို တယောက်က “လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လာရှိုးနဲ့ မန္တလေးမြို့တွေမှာ သွားရောက်ကုသဖူးတယ်၊ မပျောက်ဘူး။ အတွင်းတိမ်လို့ ဆရာဝန် တွေကပြောတယ်။ ခွဲစိပ်ပြီး တော့လဲ အမြင်က ဝါးနေတုန်းဘဲ။  ခု ကောင်းကောင်းမမြင်ရတာ တစ်နှစ် ကျော်နေပြီ၊  ဒီလိုအခမဲ့လာပြီးစမ်း သပ်ကုသပေးမယ်ဆို တော့ ၀မ်းသာမိ တာပေါ့” ဟု ပြောဆိုသည်။

သီတဂူဆရာတော် မှ အခမဲ့ ဖွင့်လှစ်ပေးသည့် မျက်စိအထူးကု ဆေးရုံ များအနက် ယခု နမ့်ခမ်းမြို့တွင် ဖွင့်လှစ်သော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံသည် အကောင်းဆုံးနှင့်အကြီး ဆုံး ဖြစ်ကြောင်းသိရှိ ရသည်။

“ဖွင့်ပွဲရက် ကတော့ နိုဝင်ဘာလ ၁၄ ရက်  လို့ ဖိတ်ကြားလွှာ ထဲ မှာ ရေးထားတာတွေ့ရတယ် ”ဟု သီတဂူ စက္ခုဒါန မျက်စိအထူးကုဆေးရုံ အတွင်း လုပ်အားပေးနေသောလူငယ် စိုင်းခမ်းက ဆိုသည်။

သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ သည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာဉာဏိဿရ (D.Litt,Ph.D) သီတဂူဆရာတော် ၏ လမ်းညွှန် ၊ လှူဒါန်းမှု  ဖြင့် နမ့်ခမ်းမြို့နယ် သံဃာတော်များနှင့်ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တဝိနယာ စာရ (မဟာသဒ္စမ္မဇောတိကဓဇ) နောင်မဆရာတော် ၊ မြို့မိမြို့ဖ နှင့်ပြည်သူများမှ ပူပေါင်းလှူဒါန်းဆောက်လုပ် ထားသော ဆေးရုံ ဖြစ်သည်။  ဆေးရုံ၏ကုန်ကျ တန်ဖိုး မှာ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ဖြစ်သည်။

Most read this week