ABSDF ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရန် ဦးအောင်မင်းနှင့် သဘောတူ

ABSDF ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရန် ဦးအောင်မင်းနှင့် သဘောတူ
by -
မဇ္ဈိမ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကျောင်းသား တပ်မတော် ABSDF တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သောကြာနေ့က တွေ့ဆုံကြပြီးနောက် အချက် ၂ ချက်ကို သဘောတူနိုင်ခဲ့ ကြသည်ဟု ABSDF ဒု-ဥက္ကဌ ရဲဘော် မျိုးဝင်း က ပြောသည်။

“ABSDF အနေနဲ့ ပြည်တွင်းကို လေ့လာရေး ခရီးစဉ်ကို သွားရောက်ဖို့ကို မကြာမီ ဆောင်ရွက်သွားဖို့ရယ်နဲ့
နောက်တချက်က တရားဝင် နှစ်ဖက် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်သွားဖို့ သဘောတူ နိုင်ခဲ့ကြတယ်” ဟု မဇ္စျိမကို ပြောသည်။

တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် ပြုလုပ်မည့် အချိန်နှင့် ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရောက်ခြင်း အချိန်တို့အား နောက်ပိုင်း၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဆက်လက် ချိတ်ဆက်ကာ အတည်ပြုသွားမည် ဖြစ်သည်။

၎င်းတို့အနေနှင့် ပြည်တွင်းသို့ လေ့လာရေး ခရီးစဉ် သွားရောက်ရခြင်းမှာ တစုံလုံး အခြေအနေအား သိရှိနိုင်ရန်၊ ABSDF လက်ရှိ အခြေအနေနှင့် အလားအလာများကို အကဲဖြတ်နိုင်ရန်နှင့် ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများ အားလုံးနှင့်လည်း တွေ့ဆုံနိုင်ရန် အတွက် ရည်ရွယ်သည့် ခရီးစဉ် ဖြစ်သည်ဟု ရဲဘော် မျိုးဝင်း က ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ဦးအောင်မင်းနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့သလို နောက်ပိုင်းတွင် နိုင်ငံရေး အရ ဆက်လက် ဆွေးနွေးရန် သဘောတူ နိုင်ခဲ့၍ အလားအလာ ကောင်းသည့် ဆွေးနွေးပွဲ ဖြစ်သည်ဟု ABSDF ဘက်မှ သုံးသပ်သည်။

ABSDF ဘက်မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်၍ ကိုယ်စားလှယ် ၆ ဦးဖြင့် ဦးအောင်မင်းတို့ အဖွဲ့အား သွားရောက်
ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် Myanmar Peace Center မှ အဖွဲ့ဝင် အချို့တို့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့်လည်း တွေ့ဆုံခဲ့ပြီး ယခုနှစ် မကုန်မီ ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်နိုင်ရန် အကြို ညှိနှိုင်းခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

“ဝန်ကြီး ဦးအောင်မင်း အခြား အဖွဲ့တွေ အတူတူ ရောက်တုန်း UNFC ကို ညစာ စားပွဲ ဖိတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကျနော်တို့ ဘက်က တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော ဆွေးနွေးကြတာပဲ ရှိပါတယ်။ အထွေ အထူးတော့ မရှိပါဘူး” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

ထိုသို့တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ UNFC နှင့် မေးမြန်းနိုင်ရန် မဇ္စျိမက ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရနိုင်ခဲ့ပေ။

ဝန်ကြီးနှင့်အဖွဲ့သည် စနေနေ့ နံနက်ပိုင်း၌ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ဆက်လက် တွေ့ဆုံမည် ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ကိုညိုအုန်းမြင့်က ပြောသည်။

Most read this week