ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့သည် အောက်တိုဘာလ ရ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှု၌ လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွင်း ၎င်းတို့ နှစ်ဦးနှစ်ဘက် မည်သို့ပူးပေါင်း ပါ၀င်လုပ်ဆောင်နိုင်ရန် အလွတ်သဘောအနေဖြင့် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
UNFC ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်တွင်း ရှိအဖွဲ့အစည်းများနဲ့ ပြည်ပအခြေစိုက် အဖွဲ့အစည်းများ အပြန်အလှန် ပူးပေါင်းပါ၀င်ဖို့နဲ့ ကျရာတာဝန်အခန်း ကဏ္ဍတွေ လုပ်ဆောင်နိုင်ဖို့ကို အလွတ် သဘောပဲ ဆွေးနွေးခဲ့ပါတယ်။ ဘာမှ ဆုံးဖြတ်ချက် ချခဲ့တာ မရှိဘူး”ဟု ပြောသည်။
ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှလည်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကြားခံအဖြစ် လိုအပ်သည့်အပိုင်းများတွင် ပါ၀င်ဆောင်ရွက်ရန်ရှိသည်ဟု ပြောခဲ့ကြောင်း ခွန်ဥက္ကာမှ ဖြည့်စွက်ပြောဆိုသည်။
ထိုသို့ တွေ့ဆုံရာတွင် UNFC ဘက်မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးဆင်ဝါး၊ ခွန်မြင့်ထွန်း၊ နိုင်ဟံသာတို့ဖြစ်ပြီး ၈၈ ကျောင်းသားများ အဖွဲ့မှ ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမီးမီး၊ မသဇင်ဝိုင်း၊ မစန်းစန်းမော်နှင့် မမေကြည်လွင်တို့ ပါ၀င်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF နှင့် ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံခဲ့ကြသည်။