သျှမ်းညီလာခံအပေါ် စဝ်ယွက်စစ်အမြင်

သျှမ်းညီလာခံအပေါ် စဝ်ယွက်စစ်အမြင်
by -
သျှမ်းသံတော်ဆင့်

အခုလထဲမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကမကထပြုကျင်းပမယ့် သျှမ်းညီလာခံ ရှိမယ်လို့ ကြားသိရပါတယ်။ အဲဒီညီလာခံကို သျှမ်းပြည်က လူမှုရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းနဲ့ လက် နက်ကိုင်တပ်ဖွဲ့တွေ ဒါ့အပြင် နိုင်ငံရေးပါတီတွေပါဝင်မယ်လို့ကြားသိရပါတယ်။

ဘယ်ရက်မှာ ကျင်းပ မယ်ဆိုတာအတိအကျမသိရသေးပေမယ့် ညီလာခံကို တက်ရောက်မလား၊ ညီလာခံအပေါ် ဘယ်လိုမြင် သလဲဆိုတာသိရအောင် သျှမ်းပြည်တပ်မတော် RCSS/SSA  ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကို နန်းရှဲန်ချိုဖှက ဆက်သွယ်မေးမြန်းထားပါတယ်။
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
မေး။    ။ ဒီလထဲမှာ  သျှမ်းညီလာခံကို ရန်ကုန်မှာကျင်းပမယ်လို့ကြားတယ်။ ကိုယ်တိုင်သွားတက် မလားရှင့်။

ဖြေ။    ။ ကျနော့ဆီကိုတော့ ဖိတ်စာလာတယ်။ အခြေအနေကြည့်ရမယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာလည်း ကျနော်တို့ ဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေ ရှိနေတယ်လေ။

မေး။    ။ ဘယ်လိုအခြေအနေကိုပြောတာလဲ။

ဖြေ။    ။ကျန်းမာရေးအခြေအနေကြည့်ရမယ်။ ခုတလောကျန်းမာရေးမကောင်းဘူး။ နောက်တခုက အဲဒီအစည်းအဝေးက ဘယ်အဆင့် ဘယ်အတိုင်းအတာရှိလဲ ကြည့်ရမယ်။

မေး။    ။ ဒီညီလာခံကိုဘယ်လိုမြင်လဲ။

ဖြေ။    ။အရေးကြီးတဲ့ညီလာခံတရပ်ဖြစ်တယ်လို့မြင်တယ်။ သျှမ်းပြည်ထဲမှာနေတဲ့တိုင်းရင်းသား အားလုံး စုပေါင်းပြီးဖြေရှင်းမှပြဿနာက ငြိမ်းအေးနိုင်မယ်။  ကျနော်တို့ အစိုးရနဲ့ အပစ်ရပ်ပြီး နောက်ပိုင်း လက်တွေ့ အကောင်အထည်ဖော်နိုင်တာနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လက်တွဲပူးပေါင်းမှု မရလို့ပါဘဲ။  တိုင်းရင်းသားတွေမှာဖြစ်နေတဲ့ ပြဿနာဖြေရှင်းဖို့ အရေးကြီးပါတယ်။ ဦးသိန်းစိန် အစိုးရတို့ကဘဲ ဖြေရှင်းလို့မရနိုင်ဘူး။ အားလုံးတက်ညီလက်ညီရှင်းမှရမှာပါ။

မေး။    ။  ညီလာခံမှာ သွားဆွေးနွေးဖို့ ဘာတွေ ပြင်ဆင်ထားသလဲ။

ဖြေ။    ။ ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်စေချင်တယ်။ ဒီမိုကရေစီစစ်စစ်နဲ့ ထူ ထောင်တဲ့ နိုင်ငံဖြစ်စေချင်တယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလဲ ရ၅ ရာနှုန်းရှိမှပြင် နိုင်မယ် ဆိုတာ မဖြစ်စေချင်ဘူး။ လွှတ်တော်ပြင်ပက လူထုကလဲ ပြင်လို့ရသင့်တယ်။ ဒါမှ အကောင်းဆုံး ဖြစ်လာနိုင် မယ်လို့ အကြံပေးချင်ပါတယ်။ နိုင်ငံရေးဆိုတာ ပင်လုံကနေအခြေခံစတင်တာပါ။ ကချင်တွေပြောနေသလို နိုင်ငံရေးကို ပင်လုံကဘဲ ဆွေးနွေးချင်တယ်ဆိုတာ စဉ်းစားစရာတခုပေါ့။ အရေးကြီးပါတယ်။

မေး။    ။ ဘာကြောင့်လဲရှင့်။

ဖြေ။    ။ ပင်လုံစာချုပ်ကနေစတာဘဲလေ ပြဿနာက။ ဗမာက ပင်လုံအတိုင်းမလုပ်လို့ အခုလို ပြဿနာကြီး ရှင်းရခက်ကြီးဖြစ်သွားတာပေါ့။ ဒါကြောင့်အခု ပြန်ဆွေးနွေးမယ်ဆိုရင် ပင်လုံကို ဘယ်လိုပြင်မလဲ ဘယ်လိုပြင်သင့်လဲဆိုတာ ဆွေးနွေးရမှာပေါ့။ ပုဂ္ဂိုလ်ရေးအရကော နိုင်ငံရေးပါတီတွေကကော ကျနော်တို့ တိုင်းရင်းသားတွေပြင်ချင်တဲ့ဥပဒေ၊ အစိုးရကလက်ခံလာအောင် ဝိုင်းဝန်းတိုက်တွန်းပေးမှ ရမှာပါ။

မေး။    ။ ဒီလိုဆိုရင် ဒီလထဲမှာကျင်းပဖို့ရှိတဲ့ သျှမ်းညီလာခံကနေ ငြိမ်းချမ်းရေးအတွက် ဘယ်လို မျှော်လင့်ထားလဲ။

ဖြေ။    ။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအားလုံးက မျှော်လင့်နေတဲ့ အရာတခုဖြစ်တယ်။ စစ်မှန် တဲ့ငြိမ်းချမ်းရေးလိုချင်လို့ပါ။ ပြီးခဲ့တာတွေကိုပြန်ကြည့်ရင် ငြိမ်းချမ်းရေးဆိုတာဗမာအစိုးရက အမြဲတမ်း စ ဖျက်တာချည်းပါဘဲ။ ကချင်၊ ကရင်နီ၊ မြောက်ပိုင်းသျှမ်းတပ်တွေဟာ ငြိမ်းချမ်းရေးယူလာတာ နှစ် ၂၀ ရှိပြီ အခု ပြန်တိုက်တယ် ငြိမ်းချမ်းရေးပြန်လုပ်တယ်  အပြစ်ရှာတယ် ပြန်တိုက်တယ်။ အပြစ်ဆိုတာ ရှာလေတွေ့လေဘဲ။ အဲလိုဖြစ်နေတာဟာ နှစ်ဦးနှစ်ဘက်ကြား ယုံကြည်မှုတည်ဆောက်လို့မရစေတဲ့ အဓိက အကြောင်းရင်းဘဲ။ အဲလိုသာ တိုက်ပွဲတွေဆက်ဖြစ်နေမယ်ဆိုရင်  ငြိမ်းချမ်းရေးတည်ဆောက် လို့ ရမှာမဟုတ်ဘူး။ မြန်မာနိုင်ငံဟာလဲ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံဖြစ်နေဦးမှာဘဲ။  ငြိမ်းချမ်းရေး တည်ဆောက် လို့မရရင် ဒီမိုကရေစီလဲရနိုင်မှာမဟုတ်ဘူး။

မေး။    ။  သျှမ်းညီလာခံကနေ စဝ်ယွက်စစ်ဖြစ်ချင်တဲ့ ဆန္ဒ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်လား။

ဖြေ။    ။ ကျနော့်ဆန္ဒမပြောပါနဲ့ လူထုဆန္ဒကိုဘဲဦးစားပေးပါ။ လူထုဆန္ဒကဘာလဲ ပြန်သုံးသပ်ကြည့်ရင်   စစ်မှန်သောပြည်ထောင်စု ဖြစ်စေချင်တယ်။  စစ်မှန်သော ဒီမိုကရေစီစနစ်နဲ့ထူထောင်တဲ့ ပြည်ထောင် စုဖြစ်စေချင်တယ်။  ပြည်ထောင်စုသားတွေကို ကြီးပွား တိုးတက် စေချင်တယ်။ တိုက်ပွဲတွေ ကိုရပ်တန့် စေချင်တယ်။ အာဆီယံကွန်မြူနတီဖြစ်တော့မယ့်အတွက် မြန်မာနိုင်ငံကို တိုးတက်စေချင်တယ်။ ကျနော်တို့ သျှမ်းပြည်လူငယ်တွေဟာ အခုလောလောဆယ် ယာဘ မူးယစ်ဆေး စွဲနေကြတယ်။ တိုးတက်မှုဆိုတာ လုံးဝ မရှိဘူး သူများကိုမီနိုင်မှာမဟုတ်ဘူး။ ဒါတွေအရင်လုပ်ရပါမယ်။

မေး။    ။ ဒီလိုဆိုရင် တိုင်းရင်းသားတွေလိုချင်တာ ဒီညီလာခံကနေရနိုင်မယ်လို့မျှော်လင့်လား။

ဖြေ။    ။ တိုင်းရင်းသားတွေလိုချင်တာ ဒီညီလာခံကနေ အပြီးအပိုင်ရသွားတာမျိုးတော့မဖြစ်နိုင်ဘူးလေ။ ငြိမ်းချမ်းရေးဆီကိုသွားမယ့် တံခါး တချပ်လို့ဘဲသတ်မှတ်နိုင်ပါမယ်။ ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဆီ ရောက်ဖို့က ပြည်သူလူထုအင်အားနဲ့ချီတက်ဖို့လိုတယ်။ အားရှိလေလေ မြန်မြန်ရောက်လေလေဘဲ။

မေး။    ။ လာမယ့်သျှမ်းညီလာခံနဲ့ပတ်သက်ပြီး ဘာဆက်ပြောခင်ပါသေးလဲ

ဖြေ။    ။ လာမယ့်သျှမ်းညီလာခံနဲ့ပတ်သက်ပြီးတော့ - စည်းလုံးညီညွတ်မှုဟာ ငြိမ်းချမ်းရေး အတွက် သော့တချောင်းဖြစ်တယ်။ ညီညွတ်မှုမရှိရင်ပြဿနာမမဖြေရှင်းနိုင်ဘူး။ ညီညွတ်ခြင်းရဲ့ ရည်ရွယ်ချက် က စစ်မှန်သောပြည်ထောင်စုတည်ဆောက်ဖို့အတွက်ဘဲ။ ဒါဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ် တယ်။ စစ်မှန်တဲ့ပြည်ထောင်စုမဟုတ်ရင် ဒီမိုကရေစီမရနိုင်ဘူး။