တစ်နေ့လျှင် ကားအစီးရေ ရာနှင့်ချီဖြတ်သန်းမောင်းနှင်နေပြီး မကြာခဏပျက်လေ့ရှိသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် - နမ့်ခမ်း ကားလမ်းပေါ်ရှိ နမ့်ပေါ့တံတားမှာ ယနေ့ နံနက် ၆ နာရီခန့်က ထပ်မံပျက် သွားကြောင်း သိရသည်။
အဆိုပါတံတားပျက်အား နံနက် ရ နာရီခန့်မှ နေ့လည် ၁၁ နာရီကျော်အထိ ပြုပြင်နေရာ ကားအသွား အလာ ၃ နာရီ ကျော်ခန့် ရပ်နားထားရကြောင်း မူစယ် - နမ့်ခမ်း လှိုင်းဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
“တံတားက ခဏခဏပျက်တယ် ဒီမနက်စောစော ကားကျော်လာပြီးတာနဲ့တံတားကပျက်သွားပြီ။ ပြင် လိုက် တာ ပြန်ကောင်းသွားပါပြီ ။ ၃ ၊ ၄ နာရီ လောက်ကြာတယ်။ အခုပုံမှန်ပြန်သွားနေပြီ” ဟု သူက ပြောသည်။
အဆိုပါ တံတားပြုပြင်မှုကြောင့် ကားအသွားအလာများ ယာယီရပ်နားလိုက်ရကြောင်း မူစယ်မြို့အာဏာပိုင် သတင်းရပ်ကွက်မှလည်း အတည်ပြုပြောသည်။
ဘိလပ်မြေ ၊ ကျောက်နှင့် မြေသြဇာများ တင်ဆောင်လာသည့် ကုန်ကားများ ဖြတ်သန်းမှုကြောင့် ကုန်အလေး ချိန်ခံနိုင်ရည် မရှိသဖြင့် တံတား သံဘောင်အလယ်ဗဟို၌ ကျိုးနေရာကားများ ယာယီ သွားလာနိုင်အောင် သံဂ ဟေဆက်၍ ပြုပြင်ထား သောကြောင့် တံတား မကြာခဏပျက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားအသွားအလာက အချိန်ပြည့်ရှိတယ် တရုတ်နယ်စပ် ရွေလီမြစ်တစ်တလျှောက် စက်လှေဆိပ်က ထွက်တဲ့ ကုန်တွေအကုန်လုံး အဲဒီတံတားလာဖြတ်ရတာကော။ တံတားပျက်ရင် ခရီးသည်တွေလည်း ကသိကအောက် ဖြစ်တယ်။ တချို့နမ့်ခမ်းကနေ လာရင် မန္တလေးကားအမှီလာတာရှိတယ်။ အချိန်မမှီဘူးပေါ့။ ကားသမား တွေအတွက်လည်း စိုးရိမ်နေရ တာပေါ့” - ဟု စောစောကကားသမားမှ ဆက်ပြောသည်။
အဆိုပါ တံတားမှာ မူစယ်မြို့နယ် ပန်ခမ်းရွာအနီး၌ တည်ရှိပြီး အရှည်ပေ ၂၀၀ ခန့်ရှိ သံဘောင် ဘေလီတံတား ဖြစ်ကြောင်း သိရသည်။