အနောက်နိုင်ငံ သံတမန်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

အနောက်နိုင်ငံ သံတမန်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း လူအုပ်စု (၂) ခုအကြား ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသည့် အနောက်နိုင်ငံ သံအမတ်ကြီးများက  နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် အောက်တိုဘာလ (၃) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

 AP

အမေရိကန် သံအမတ် Derrek Michall ၏ ကိုယ်ရေးအရာရှိ ဒေါ်ခင်လေးငယ်မှ တဆင့် အကြောင်းကြားလာခြင်းဖြစ်ပြီး အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDP လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျ သံအမတ်တို့အပြင် အခြား တာဝန်ရှိသူ (၈) ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း ဦးအောင်မြကျော်က အခုလို ပြောဆိုသည်။

“ကျွန်တော်တို့ ဘက်ကတော့ ကျွန်တော် အပါအဝင် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ နဲ့  ALD ၊  NLD တို့မှ တစ်ဦး ကျစီပါ၀င်ပြီး စစ်တွေ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။” ဟု ဦးအောင်မြကျော်က ပြောဆိုသည်။

ထို့အပြင် ခေါ်ယူတွေ့ဆုံရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ အမေရိကန် သံအမတ်ကြီးက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ကြောင်း ဦးအောင် မြကျော်က “အမေရိကန် သံအမတ်ကြီးက ယခုလို တွေ့ဆုံရခြင်းဟာ  ကြွရောက် လာကြသူတွေရဲ့ အသံနဲ့ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ် ဘယ်လို သုံးသပ်မိကြသလဲ ဆိုတာကို သိလိုတဲ့ အတွက် ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြဿနာရဲ့ အရင်းအမြစ်က ဘယ်ကစပြီး ဖြစ်လာသလဲ။ ဆက်လက်ပြီး တည်ငြိမ် အေးချမ်းအောင် ဘယ်လို လုပ်ဆောင်ကြမလဲ စတဲ့ အကြောင်းအရာတွေကို သိလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြား ပြောဆိုပါတယ်။” ဟု ဦးအောင်မြကျော်က ပြောသည်။

တွေ့ဆုံပွဲတွင် ယခု ပြဿနာသည် ဘာသာရေး၊ လူမျိုးရေး ကြောင့် ဖြစ်ပွားခြင်း မဟုတ်ကြောင်း၊ သမိုင်းကြောင်းနှင့် ချီ၍ဖြစ်လာခဲ့ကြောင်း များကို ဦးအောင်မြကျော်က ရှင်းလင်း ပြောပြခဲ့သည်ဟုလည်း ဆိုသည်။ (ပြောကြားချက် အပြည့်အစုံအား http://www.narinjara.com/burmese/?p=2924 တွင် ကြည့်ရှုနိုင်ပါသည်။)

သံအမတ်ကြီးများက သမိုင်းနှင့်ချီ၍ဖြစ်ပွားလာသည့် အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ကြောင်းနှင့် ယခုကဲ့သို့ သိရသဖြင့် လက်ရှိဖြစ်ပေါ်နေသော ပြဿနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။

Most read this week