ချင်းပြည်နယ် မြို့တော်ဟားခါးတွင် Network for Chin Civil Societies (NCCS) နှင့် Hakha Youth Organization(HYO) ပူးပေါင်း၍ ယခုလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့က ငြိမ်းချမ်းရေးဆိုင်ရာ ပြည်သူ့အမြင် ဆွေးနွေးဖလှယ် ပွဲ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ”တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းနဲ့ လက်ရှိ အစိုးရ အကြားငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်နေတယ်လို့ ပြောနိုင်ပေမဲ့ တကယ်တမ်း ငြိမ်းချမ်းရေးကို နှောင့် ယှက်နိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိတယ်။ အဲဒီအဖြစ် အပျက်တွေ ကိုပြည်သူတွေသိအောင် နဲ့ ပြည်သူတွေ ရဲ့ အမြင် ဖော်ထုတ်နိုင်ဖို့ အခုလို ပြုလုပ် ရခြင်းဖြစ်တယ်” ဟု NCCS တာဝန်ရှိသူ တဦး က ပြောသည်။
အလားတူ အစည်းအဝေး တက်ရောက်သူ တဦးကလည်း အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ ပြည်သူ့သ ဘော ထားကို လစ်လှူရှုထား လို့မရကြောင်း ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ပြည်သူ လိုချင်တဲ့ ငြိမ်းချမ်းရေးမဟုတ် ပါက ပျက်ပြယ် သွားနိုင်ကြောင်း ”ဒီလိုပြည်သူ့အမြင်ဖော်ထုတ်ဖလှယ်ပေးတဲ့ ဟာမျိုးတွေ ပြည်တွင်းမှာ များများ လုပ်ပေးစေချင် တယ်” ဟု ပြောဆိုခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ဟားခါးမြို့ Shalom Foundation hall တွင် ပြုလုပ်ခဲ့ကြရာ ချင်းလူမှုအသင်း အဖွဲ့မှ ကိုယ်စားလှယ် ၃၀ ကျော်တက်ရောက် သည်ဟု သတင်းရရှိသည်။
ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေးဆွေးနွေးခြင်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် မေလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ထားသည့် အချက် (၈) ချက် အနက် နံပါတ် (၅) မှ (၈) အထိ အချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လက်မခံခဲ့ ကြကြောင်းလည်း သိရသည်။
အချက် (၈) ချက်မှာ-
(၁) ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး၊
(၂) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကိုသဘောတူရေး၊
(၃) စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး၊
(၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင် ရွက်ရေး၊
(၅) ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး၊
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘော ဆန္ဒနှင့် အညီဆောင်ရွက်ရေး၊
(၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊
(၈) ဖွဲ့စည်းပုံအခြေခံအပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင် ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး၊