သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ကျေးလက်ဒေသခံများအား သျှမ်းပြည်တပ်မတော်နှင့် ပတ်သက် ဆက်နွယ်ပါက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇-၁ ဖြင့် ဒဏ်ခတ်မည်ဖြစ်ကြောင်း စစ်တပ်ဗျူဟာမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးက ပြောသည်ဟုဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
“ပြီးခဲ့တဲ့ အပတ်က လဲချားအခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးလင်းအေးဇော် နဲ့ မြို့နယ်မှူး ကနေပြီး တော့ လဲချားမြို့နယ်ထဲက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး စစ်ဆေးတယ်။ သျှမ်းတပ်ဖွဲ့ကိုဆက်သွယ် တဲ့လူရှိလား။ ထောက်ပံ့ပေးတာရှိလား။ ခင်ဗျားတို့ အလုပ်မဟုတ်ဘူးနော်၊ သိရင်တော့မလွယ် ဘူး မှတ် - တဲ့။ ဥပဒေ ၁၇-၁ နဲ့မိသွားမယ်- တဲ့၊ အဲလိုကိုခြိမ်းခြောက်တယ်” ဟု လဲချားမြို့သား စိုင်းခင်းငေါဝ်း ကပြောသည်။
ရပ်ရွာအုပ်ချုပ်ရေးမှူးများက သျှမ်းပြည်တပ်မတော်တောင်ပိုင်းရော မြောက်ပိုင်းပါအစိုးရနှင့် အပစ်ရပ် ထားကြပြီဖြစ်သဖြင့် ယခုကဲ့သို့တားမြစ်ချက်မျိုးမရှိသင့်ကြောင်းပြောရာ ဗျူဟာ မှူးကလဲချားမြို့နယ် အတွင်း၌ သျှမ်းပြည်တပ်မတော်အား လှုပ်ရှားသွားလာခွင့်ပေးမထားသဖြင့် ဆက်သွယ်၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုပါသည်။
ထို့ကြောင့် အစည်းအဝေးခေါ်ဆိုချိန်မှစ၍ ရပ်ရွာအုပ်ချုပ်ရေးမှူးများအား အပတ်စဉ် အင်္ဂါနေ့ တိုင်း ခလရ ၆၄ သို့ အစီရင်ခံ ရမည်ဟုလည်း အမိန့်ထုတ်ထားကြောင်း စိုင်းခင်းငေါဝ်းကပြောပါသည်။
လဲချားမြို့နယ် ခလရ ၆၄ တပ်သို့ မကြာသေးခင်ကမှ ဗျူဟာမှူး ဗိုလ်မှူးကြီး လင်းအေးဇော် ပြောင်းရွှေ့ လာကြောင်း သိရသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် ယခုလနှောင်းပိုင်း၌ မြန်မာအစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါသည်။