ကျိုက်မရောမြို့နယ်ရဲစခန်းက ဓမ္မသတ်ရွာသားများကိုဆန္ဒပြခွင့်မပြု

ကျိုက်မရောမြို့နယ်ရဲစခန်းက ဓမ္မသတ်ရွာသားများကိုဆန္ဒပြခွင့်မပြု
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာပိုင် မြေရောင်းစားမှု တိုင်ကြားခဲ့သူအား အသရေဖျက် မှုဖြင့်ထောင်ချခဲ့သည့် ကိစ္စအပေါ် မကျေနပ်၍ ဆန္ဒပြခွင့် တောင်းဆိုမှုကို ကျိုက်မရောမြို့နယ် ရဲစခန်းက ခွင့်မပြုဟု သိရသည်။

Ye1
“မူလတန်းစာသင်ကျောင်းမြေ ခိုးရောင်းစားတဲ့လူကို အရေးမယူပဲနဲ့ တိုင်ကြားတဲ့သူကို ထောင် ခြောက်လ ချလိုက်တယ်၊ ဒါကိုရွာသားတွေမကြေနပ်တော့ ကျိုက်မရောမြို့ပေါ် ဆန္ဒပြခွင့် တောင်း ဆိုခဲ့တယ်၊ ဒါကိုလည်း ခွင့်မပြုဘူး၊ အမှုကိုခရိုင်တရားရုံးမှာ ကျနော်တို့အယူခံဝင်ထားဆဲပဲ၊ ဆန္ဒပြခွင့်မရတဲ့အတွက် မနေ့ကအမှု စီရင်နေတဲ့အချိန်သွားနားထောင်ခဲ့ကြတယ်” ဟု ဦးဆောင် လှုပ်ရှားသူတစ်ဦးဖြစ်သည့် မင်းစိုးမြင့်က ပြောသည်။

ရွာဥက္ကဌဟောင်း ဦးထွန်းလင်း မူလတန်းကျောင်းမြေအချို့ရောင်းစားခဲ့သည်ဟု ဆိုသည့် ကိစ္စရပ် တွင် သက်ဆိုင်ရာသို့မမှန်မကန်တိုင်ကြားသည်ဟု ဓမ္မသတ်ကျေးရွာနေ ဦးစိုးသိန်းအား ကျိုက် မရောမြို့နယ်တရားရုံးက ယခုလ ၂ ရက်နေ့တွင် အသရေဖျက်မှုပုဒ်မ ၅၀ဝ ဖြင့် ထောင်ခြောက် လကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းအမှုကို မော်လမြိုင်ခရိုင်တရားရုံးသို့ ဆက်လက်အယူခံဝင်လျှက်ရှိရာ လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် အပြီးသတ်စီရင်ချက်ချမည်ဟု သိရသည်။

“ရွာဥက္ကဌအကြီးအကဲဟောင်းတွေက မြို့နယ်အဆင့်အာဏာပိုင်တွေနဲ့ ရင်းရင်းနှီးနှီးရှိကြတယ်၊ အပေးအယူ တွေရှိခဲ့တယ်၊ ကျနော်တို့တရားရေးလောကမှာ ခြစားမှုတွေရှိခဲ့တာကိုဘယ်သူမှလည်း မငြင်းနိုင်ပါဘူး၊ ဒါပေမယ့် ဒီအမှုကို ဆက်ပြီးလေ့လာစောင့်ကြည့်သွားမှာပါ၊ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခွင့် တရားဝင် တောင်းဆိုတာကို ခွင့်မပြုတာကလည်း စဉ်းစားစရာဖြစ်နေတယ် ” ဟု မော်လမြိုင်မြို့မှ အမှုလိုက်ရှေ့နေ တစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းလိုက်ပြီးနောက် မကျေနပ်မှုများ၊ နစ်နာမှုများအား ဆန္ဒထုတ် ဖေါ်ခွင့်များရရှိခဲ့သည်။

ယခုလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဓမ္မသတ်ကျေးရွာသားများက ကျိုက်မရောမြို့နယ် တရားရုံး ရှေ့၌ ဆန္ဒထုတ်ဖေါ်ရန် ရဲစခန်းသို့ကြိုတင်လျှောက်ထားရာ၌ ဆန္ဒပြမည့် လူအရေအတွက်၂၀ဝ မှ ၁၀ဝဝ ဦးခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၅ အရ သက်ဆိုင်ရာရဲစခန်းမှ ခွင့်ပြုမိန့်ငြင်းပယ်နိုင်သော်လည်း ၄င်းဥပဒေပုဒ်မ ၉ အရအယူခံဝင်နိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် ကျရောက်သောအာဇာနည်နေ့အခမ်းအနားများ မွန်ပြည်နယ်မြို့နယ်အသီးသီးတွင် ငြိမ်းချမ်းစွာစုဝေးခွင့်တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာရဲစခန်းများက ကျင်းပခွင့်မပြုခဲ့ပေ။

Most read this week