အာဏာရ ပါတီကြောင့် ကျေးရွာအုပ်ချုပ်ရေး ပရမ်းပတာဖြစ်

အာဏာရ ပါတီကြောင့် ကျေးရွာအုပ်ချုပ်ရေး ပရမ်းပတာဖြစ်
by -
ခိုနူမ်းထုန်

မတူပီမြို့နယ်အတွင်း စခိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ဒုတိယအဆင့် အနိုင်ရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အား ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်မည့်အပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

မတူပီမြို့နယ်၊ စခိုင်းကျေးရွာတွင် ကျေးရွာအဆင့် ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့ရာ လူထုထောက်ခံမဲ အများဆုံး ရသူအား တာဝန် မပေးဘဲ ဒုတိယ မဲ အများဆုံး ရရှိသူ USDP ပါတီကိုယ်စားလှယ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စအပေါ် ဒေသခံများက ကန့်ကွက်ခဲ့ရာမှ အုပ်ချုပ်ရေးမှူး တာဝန်ယူမည့်သူ မရှိသည့်အတွက် လောလောဆယ် ရပ်ရွာ အုပ်ချုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း ဒေသခံများက ပြောသည်။

“အုပ်ချုပ်ရေးမှူးမရှိတော့ ရပ်ရွာအုပ်ချုပ်ရေး ပရမ်း ပတာဖြစ်ကုန်တယ်၊ မိုးတွင်းဆိုတော့ တရွာနဲ့ တရွာ လမ်းပေါင်း ရှင်းဖို့တောင် ဦးဆောင်မည့်လူ မရှိ တော့ဘူး၊ တခြား ပညာရေး၊ ကျန်းမာရေးကိစ္စတွေ အားလုံးပေါ့” ဟု ဒေသခံ တဦးက ပြောသည်။

စခိုင်းကျေးရွာသည် ပတ်ဝန်းကျင်ရွာများဖြစ်သည့် ဆုံဆင်း၊ ပါမိုင်း၊ တောင်ဘူ၊ ပါခိုင်း ကျေးရွာများစု ဆုံရာလမ်း ကြောင်း ပေါ်တွင်တည်ရှိသည်။

အဆိုပါ ရပ်ကျေး ရွေးကောက်ပွဲတွင် ဆယ်အိမ်မှူးအဆင့်မှ စေလွှတ်ထားသော ကိုယ်စားလှယ်အသီးသီးအနက် ENDP ကိုယ်စားလှယ် Vantling က ၆ မဲ၊ ယူအက်စ်ဒီပီ ကိုယ်စားလှယ် Rihlo က ၄ မဲ နှင့် Victor က တမဲ အသီးသီး ရရှိသော်လည်း အုပ်ချုပ်ရေးမှူးအဖြစ် USDP ကိုယ်စားလှယ်အား ခန့်အပ်ရန် ပြည်နယ်အဆင့်က တိုက်ရိုက်အမိန့်ပေးလာခြင်း ဖြစ်သည်။

“အဖြစ်သဘောရွေးကောက်ပွဲပါပဲ၊ ယူအက်စ်ဒီပီ ပါတီကိုယ်စားလှယ်ကို တိုက်ရိုက်ခန့်ထား တယ်ဆိုတာက ရွေးကောက်ပွဲ လုပ်စရာတောင်မလိုဘူး” ဟု စခိုင်းရွာမှ ရပ်ရွာလူကြီး မောင်ကဲ က ပြောသည်။

ယင်းကိစ္စနှင့် ပါတ်သက်၍ ဖြစ်စဉ်အားလုံးကို မြို့နယ်၊ ခရိုင်အဆင့်များမှ တဆင့် ပြည်နယ်အဆင့်သို့ တင်ပြပြီး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most read this week