သစ်တောဌာ၏ ဥပဒေ ချိုးဖေါက်မူ သမ္မတထံတိုင်ကြား

သစ်တောဌာ၏ ဥပဒေ ချိုးဖေါက်မူ သမ္မတထံတိုင်ကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သစ်တော ဦးစီးဌာနမှ ဥပဒေ ချိုးဖေါက်နေမူများ အပေါ် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို တိုင်ကြားသော်လည်း ဖြေရှင်း မပေးနိုင်၍ သစ်ဆိုင်ပိုင်ရှင်များက နိုင်ငံတော် သမ္မတထိ စာရေးတိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

ရခိုင်မှ သစ်လုပ်ငန်း တစ်ခု

စစ်တွေရှိ သစ်တော ဦးစီးဌာနသည် မြန်မာနိုင်ငံ တည်ဆဲ ဥပဒေအရကို ချိုးဖေါက်ကာ ပရိဘောဂ ဆိုင်များအား အခကြေးငွေ ယူဆောင်ပြီး သစ်လုပ်ငန်းကိုပါ ပူးတွဲ ဖွင့်လှစ်ထူထောင် ပေးနေ၍ တိုင်ကြားရ ခြင်း  ဖြစ်ကြောင်း သစ်စက်ပိုင်ရှင်တဦးဖြစ်သူ ဦးကောင်းဇံလှက နိရဥ္စရာသို့ ပြောသည်။

“ပါမစ် မရှိဘဲ Without လုပ်တာတွေ၊ ပရိဘောက လုပ်ငန်းဆိုပြီး အကြောင်းပြချက်နဲ့ သစ်စက် ထူထောင် ခိုင်းတာတွေကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဥပဒေကြောင်းအရ ပရိ ဘောက လုပ်ငန်း တွေဟာသစ်စက် ထူထောင်ခွင့် မရှိပါ။ ဒါပေမယ့် သစ်တော ဌာန တာဝန်ရှိသူတွေက တစ်လကို ကျပ်ငွေ ၃၀,၀၀၀၊ ၄၀,၀၀၀ စီ ပရိဘောဂ လုပ်တဲ့ ဆိုင်တွေက ကောက်ယူပြီး သစ်စက်တွေ ထူထောင် ခိုင်းထားပါတယ်။ ဒါကြောင့် စစ်တွေမှာ သစ်စက်တွေ ပေါများလာတဲ့ အပြင် သစ်တောတွေလဲ ပြုန်းတီး လာတယ်။ လိုင်စင်ရှိတဲ့ သစ်စက်ပိုင်ရှင်တွေလည်း စီးပွားရေး အထူး နစ်နာနေရပါတယ်” ဟု ဆိုသည်။

ထိုကဲ့သို့ သစ်စက်ပိုင်ရှင်များ နစ်နာနေရသဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး တိုင်ကြား သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးနိုင်ခြင်း မရှိသဖြင့် တရား ဥပဒေနည်းလမ်း အတိုင်း ဆောင်ရွက်ပေးရန် သမ္မတထံ တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ပြည်နယ် ၀န်ကြီးချုပ်ကို တိုင်တဲ့ အတွက်  မေလ ၁၆ ရက်နေ့က ကျွန်တော်တို့ကို သစ်တောရုံးကို ခေါ်ပြီးတော့ သစ်တောအရာရှိ၊ မြို့နယ် ခရိုင်အရာရှိ တွေနဲ့ ဆွေးနွေးပါတယ်။ သူတို့က လုပ်ပေးမယ်၊ အထက်ကလည်း ညွန်ကြားထားတယ်၊ Without (ပါမစ်မရှိတဲ့ ဆိုင်) တွေကို ပိတ် ပေးမယ်၊ လက်တလုံးခြား မလုပ်ရဘူး၊ ကိုယ့်လုပ်ငန်းကို ကိုယ်လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ပေးတယ်။ ဒါပေမယ့် တစုံ တရာ အခုထက်ထိ လုပ်ဆောင်ပေးတာ မရှိပါသေးဘူး” ဟု ဆိုသည်။

စစ်တွေမြို့တွင် သစ်တော တာဝန်ရှိသူများက လိုင်စင်မရှိသော သစ်စက်များမှ တလကို ကျပ်ငွေ ၃၀,၀၀၀ မှ ၄၀,၀၀၀ ထိ ကောက်ယူပြီး လိုင်စင်ရှိသူ သစ်စက်ပိုင်ရှင်များထံမှ တနှစ်လျှင် လိုင်စင်ကြေး ကျပ်ငွေ ၅၀,၀၀၀ ထိ တိုးကောက်ယူသည်ဟု ဆိုသည်။

ယခင်နှစ်က လိုင်စင်ကြေးမှာ ကျပ်ငွေ ၁၈,၀၀၀ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၅၀,၀၀၀ ထိ ကောက် ယူပြီး လိုင်စင်မဲ့ ဆိုင်များကိုလည်း သစ်လုပ်ငန်း လုပ်ကိုင်ခွင့် ပေးထားသဖြင့် အမှန် တကယ် တရားဝင် လုပ်ကိုင်နေသော သစ်စက်ပိုင်ရှင်များ အနေဖြင့် နစ်နာ နေရကြောင်း သိရသည်။

နိုင်ငံတော် သမ္မတထံ တိုင်ကြားရာတွင် စစ်တွေမြို့မှ သစ်စက်ပိုင်ရှင် ရ ဦးက လက်မှတ်ရေးထိုးတိုင်ကြား ခြင်း ဖြစ်ပြီး အဆိုပါ စာကို စာတိုက်မှ ပေးပို့လိုက်သည်ဟု ဆိုသည်။

၎င်းပြင် သစ်တော ဌာန အနေဖြင့် သစ်ခွဲရာတွင်လည်း  အစိုးရ သတ်မှတ်ထားသော တရားဝင် သစ်များကို ခွင့်ပြုချက် မရဘဲ မခွဲရဟု အမိန့်စာများ ထုတ်လာသဖြင့် တရားဝင်သစ်စက်ပိုင်ရှင်များ အခက်အခဲ ပိုမို တွေ့ရှိလာရသည်ဟု သတင်း ရရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် သစ်တောဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားပေးမယ့်သူ မရှိခဲ့ပါ။

Most read this week