ဝိပဿနာတရားနှင့်စိတ္တဗေဒဆိုင်ရာ ဗုဒ္ဓမြတ်စွာဘုရား၏ အမှာစကား ဖြစ်သည့် “ ဧဟိ ပဿိ ကော” ခေါ် ဗုဒ္ဓဝါဒဆိုင်ရာ ညီလာခံကြီးတရပ်အား ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာ့ တက္ကသိုလ်၌ လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် အောက်စဖို့ဒ် တက္ကသိုလ်မှ သျှမ်းဆရာတော် Dr. ဓမ္မသာမိ ကိုယ်တိုင် ပါဝင်အကျိုးဆောင်ပေးမည်ဖြစ်ကြောင်းကြားသိရပါသည်။
ဗုဒ္ဓဝါဒဆိုင်ရာ ညီလာခံကြီးဖြစ်မြောက်ရေးအတွက် အောက်စဖို့ဒ် တက္ကသိုလ်မှ သျှမ်းဆရာတော် Dr. ခမ်းမိုင် ဓမ္မသာမိ ကိုယ်တိုင် အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆရာတော်မှာ နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ ဗြိတိန်နိုင်ငံမှထွက်ခွါလာပြီး မြန်မာနိုင်ငံသို့ ကြွမည်ဖြစ်ကြောင်း ဆရာတော်၏ဒကာတဦးက လည်း ပြောပါသည်။
“ဧဟိပဿိကော” လာ၍ကြည့်လှည့်ပါ အဓိပ္ပါယ်ရ ညီလာခံကြီးအား ဒီဇင်ဘာလ ၂၁ - ၂၂ ရက်အထိ ကျင်းပမည်ဟုဆိုသည်။
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ဇာတိ သျှမ်းဆရာတော် အရှင် ဓမ္မသာမိ ခမ်းမိုင်သည် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ တဦးတည်း နှင့် ပထမဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာ ဒေါက်တာဘွဲ့ရ ရဟန်း တော်တပါးဖြစ်သည်။ အဆိုပါဆရာတော်သည် အောက်စဖို့ဒ် တက္ကသိုလ်၌ ဗုဒ္ဓဘာသာဆိုင်ရာ လေ့လာ မှုဌာနမှအဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဝါဒတက္ကသိုလ်များအသင်း၏ အထွေထွေ အတွင်းရေးမှူး တာဝန်များ ထမ်းရွက်နေသည့် ဆရာတော်တပါးဖြစ်သည်။
မျက်စိမှိတ်ကာ ကြိတ်မှိတ်ယုံပါ ဟု မဆိုပါ “ လာကြည့်ပြီးမှ ဆုံးဖြတ်ပါ” ဟု ဗုဒ္ဓက ဖိတ်မန္တကပြုမှုသည် ဗုဒ္ဓဝါဒီများ၏ ဗုဒ္ဓဝါအပေါ် အကြီးမားဆုံးသော ဂုဏ်ယူမှုတရပ်ဖြစ်သည်။