သံဖြူဇရပ်မြို့နယ်၌ GSM ဆင်းကဒ်များအရစ်ကျစနစ်ရောင်းချ

သံဖြူဇရပ်မြို့နယ်၌ GSM ဆင်းကဒ်များအရစ်ကျစနစ်ရောင်းချ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်(၂) သိန်းတန် GSM ဆင်းကဒ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

GSM ဆင်းကတ်ဝယ်လိုသူများက မြို့နယ်ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ (သို့မဟုတ်) မြို့နယ်အုပ်ချုပ် ရေးမှူးထံ စာရင်းပေးသွင်း၍ သွားရောက်လျှောက်တင်နိုင်သည်။

မြန်မာဆင်းကဒ်နှင့် ငွေဖြည့်ကဒ်(Internet)
ဝဲဂလောင်းရွာသား နိုင်ဦးက “၂ သိန်းတန်ဖုန်းကဒ်တွေကို ဒီလဆန်းပိုင်းက စချပေးတယ်၊ အခုထိ သွားလျှောက်တဲ့လူများပါတယ်” ဟု ပြောသည်။

ကျပ်(၂) သိန်းတန် GSM ဆင်းကတ်များကို ပထမအရစ် မြန်မာကျပ်ငွေ ၄ သောင်း ပေးဆောင်ရမည်ဖြစ်ပြီး အင်တာနက်အသုံးပြုလိုပါက ကျပ်ငွေ ၅ သောင်း ပေးဆောင်ရမည်။ ကျန်ရှိငွေကြေးများကို တစ်လလျှင် ကျပ် ၁ သောင်း ပေးဆောင်ရမည်ဟု ၎င်းက ပြောသည်။

ဆင်းကဒ်ဝယ်လိုသူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ် မိတ္တူ (၁) စောင်နှင့် လိုင်စင်ဓာတ်ပုံ (၁လက်မခွဲ-နှစ်လက်မ)ဆိုဒ် ကာလာပုံ(၂)ပုံ တပါးတည်းယူဆောင်၍ ကိုယ်တိုင်လျှောက်တင်နိုင်သည်။

GSM ဆင်းကတ်များတွင် AIS ကုမ္မဏီ အမှတ်တံဆိပ် မပါရှိသည့် ဖုန်းဆင်းကဒ်များ ပျက်စီး၊ ပျောက်ဆုံးခြင်း များ ဖြစ်ပေါ်လာလျှင် ပြန်လည်လျှောက်ထားနိုင်ခြင်း ခွင့်မပြုကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံး၌ ပိုစတာကပ်၍ သတိပေး ကြေငြာထားသည်။

မိုဘိုင်ဖုန်းလိုင်းများအတွက် လောလောဆယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ၌ ဆက်သွယ်ရေး တာဝါတိုင်နှင့် အင်တာနာ တပ်ဆင်ခြင်းလုပ်ငန်းများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“၂ သိန်းတန်ဖုန်းကို ကျနော် ဟိုတနေ့က သံဖြူဇရပ်မြို့မှာ သွားလျှောက်တယ် အခုရနေပြီ” ဟု သံဖြူဇရပ်မြို့ခံ ကိုစိုးမိုးက ပြောသည်။

ယင်းကဒ်များအား သံဖြူဇရပ်မြို့နယ် အတွင်းရှိ ကျိုက်ခမီ၊ ပဒံငံ၊ နှစ်ကိုင်း၊ ဝါခရူ၊ ဖေါင်စိန်၊ ကရုပ္ပိ၊ ဝဲဂလောင်း၊ အနင်းကျေးရွာများကို အဓိက ဦးစားပေးရောင်းချလျှက်ရှိသည်။

အလားတူ မွန်ပြည်နယ်ရှိ အခြားမြို့နယ်များတွင် GSM ဆင်းကဒ်များရောင်းချပေးနေသည့်သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ချက် မရရှိသေးပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္မဏီများ ပူးပေါင်းဆောင်ရွက်နေသော ကျပ် ၂ သိန်းတန်ဖုန်း ရောင်းချပေးမည့်အစီအစဉ်အရ ငါးနှစ်အတွင်း ဖုန်းလိုင်းအရေအတွက် သန်း ၃၀ ချထားပေးရန်ရှိပြီး စီမံကိန်း၏ ပထမဦးဆုံးအသုတ်အနေဖြင့် ဖုန်းအလုံးရေ တစ်သန်းကျော် ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်ရေးက သတင်း ထုတ်ပြန်ထားသည်။

Most read this week