အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်း ကို မမှန်သတင်းပေး မှုဖြင့် စွဲဆိုထားသည့် အမှုအား တရားသေလွှတ်ပေးရန် အင်္ဂါနေ့ ရုံးချိန်းတွင် လျှောက်လဲခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲ၌ ဆန္ဒမဲလက်မှတ် တချို့ပေါ်တွင် ဖယောင်း သုတ် ထားသည်ဟု ရွေးကောက်ပွဲ ကော်မရှင်ထံ သတင်းပို့တိုင်ကြားခဲ့မှုနှင့် ပတ်သက်၍ မမှန်မကန် သတင်းပေးမှု ပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဉာဏ်ဝင်းအားတရားစွဲဆိုခဲ့ သည်။ ယင်းအမှု တရားသေလွှတ်ပေးရန် လျှောက်လဲချက်အား ဇမ္ဗူသီရီမြို့နယ် တရားသူကြီး ဦးမြသိန်း က ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက အခုလို ပြောဆိုသည်။
“ဒါက ဥပဒေအရ တရားစွဲနိုင်တာက မမှန်သတင်းပေးခံရတဲ့လူ၊ ဒါမှမဟုတ် သူ့ထက် ရာထူးအဆင့် အနိမ့်အမြင့်ပဲ စွဲရမှာ။ အခုဟာက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရုံးအဖွဲ့က ညွန်ကြားရေးမှူးက စွဲတာ ဥပဒေပြဋ္ဌာန်းချက် အရ ဒီလိုစွဲခွင့် မရှိဘူး။ ရုံးက တနာရီလောက်ပဲ စဉ်းစားပြီးတော့ ဒါက ပြည်ထောင် စုကော်မရှင် ဆုံးဖြတ်ချက်အရ စွဲတာမို့လို့ နည်းဥပဒေနဲ့ ညီပါတယ်လို့ ကျနော်တို့ လျှောက်လွှာကို ပယ်ပါတယ်” ဟု ဦးဉာဏ်ဝင်း က ပြောသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုပိုင်ခွင့် မရှိဘဲ တိုင်ကြားခံရ သည့် ပုဂ္ဂိုလ်သော်လည်းကောင်း၊ ၎င်းထက်အဆင့် မြင့်သည့် ပြည်သူ့ဝန်ထမ်းသော်လည်း ကောင်း တင်ပြမှသာလျှင် တရားစွဲဆိုပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းချက်အရ လျှောက်လဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆက် ပြောသည်။
မဲပြားအချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း က သတင်းပေးပို့သည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌထံ ဖြစ်သည်ဟု သူက ပြောသည်။
ယခု တရားလိုအဖြစ် တရားစွဲဆိုသူမှာ ကော်မရှင် ရုံးအဖွဲ့မှ ညွန်ကြားရေးမှူး ဦးသောင်းလှိုင် ဖြစ်၍ ၎င်းက တရားစွဲဆို ပိုင်ခွင့် မရှိကြောင်း လျှောက်လဲချက်အား ပယ်ချခဲ့၍ တရားသူကြီး၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် မညီညွတ်ကြောင်း ရှုမြင်သည်ဟု ဦးဉာဏ်ဝင်း က ဆိုသည်။
နံနက် ၁ဝ နာရီမှာ မွန်လွဲ ၂ နာရီထိ မကွေးတိုင်း ကော်မရှင်အဖွဲ့ဝင် တဦးအား စစ်ဆေးမေးမြန်းခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့ ရုံးချိန်းအတွက် တရားလိုပြ သက်သေ တဦးသာ စစ်ဆေးရန် လိုတော့သည်ဟု သိရသည်။
၎င်းအမှုနှင့်ပတ်သက်၍ တရားရုံးမှ စစ်ဆေးနေဆဲ ဆုံးဖြတ်ချက် မချမှတ်မီ ပြစ်မှု ကျူးလွန်သည်ဟု ရေးသားခဲ့သည့် ဟူသော စွပ်စွဲချက်ဖြင့် အပတ်စဉ်ထုတ် ‘ပြည်မြန်မာ’နှင့် ‘Messenger’ ဂျာနယ်တို့အား ဦးဉာဏ်ဝင်း က တရားစွဲဆို ထားသည်။
တရားရုံးအား မထီမဲ့မြင်ပြုမှု ပုဒ်မ ၃ ငြိမ်စွန်းနေသည်ဟူ၍ အောက်တိုဘာလ ၂ ရက်နေ့က တရားစွဲဆိုမှုအား
အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရားလွှတ်တော်ရုံး၌ တရားလိုဘက်မှ လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။
“တရားစွဲထားတာက ပထမအဆင့် ကြားနာမယ်။ ကျနော်တို့ တဖက်တည်းပဲ ကြားနာမယ်။ ပထမအဆင့် ပြီးလို့ လက်ခံလိုက်ပြီဆိုရင် နှစ်ဖက်ကြားနာတာ။ ကျနော်တို့ဘက်က တရားရုံးကို ဦးတိုက်လျှောက်ထားတယ်လို့
လျှောက်လဲချက် ပေးရမှာ” ဟု မဇ္စျိမကို ပြောဆိုသွားသည်။