တရုတ်ဖက်စပ်သတ္တုတင်ကား ဒေသခံအမျိုးသမီးနှစ်ဦးအားတိုက်မိသေဆုံး

တရုတ်ဖက်စပ်သတ္တုတင်ကား ဒေသခံအမျိုးသမီးနှစ်ဦးအားတိုက်မိသေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖေါ် သယ်ယူနေသည့် တရုတ်ဖက်စပ် GSM ကုမ္မဏီပိုင်ကားတစီးက ဒေသခံ အမျိုးသမီးနှစ်ဦးအား ယမန်နေ့နံနက်ပိုင်း၌ တိုက်မိကာ ပွဲချင်းပြီးသေဆုံး သွားကြောင်း စုံစမ်းသိရှိ ရသည်။

ယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသည့်အမျိုးသမီး ၂ ဦး
“နမ့်ခမ်းစျေးကို ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးငယ် နှစ်ယောက်ကို သလင်းကျောက်တင်တဲ့ကားက မူစယ်အထွက် မန့်ကန့် ရွာနားမှာ တိုက်မိတာ။ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ အသက်က ၁၆ - ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ နမ့်စန့်ရွာ ကလေးမလေး တယောက် နဲ့ မန့်ဟောင်းတုံရွာကတယောက်” ဟု ဒေသခံ နန်းအေခေးက ပြောပြသည်။

ယာဉ်မောင်း စိုင်းယီအား နမ့်ခမ်းရဲစခန်း ၌ ထိန်းသိမ်းထားပြီး သေဆုံး သူနှစ်ဦး ၏အလောင်းကို အခင်းဖြစ်ပွါးရာအနီးလမ်းဘေး၌ သင်္ဃာအချို့အား ပင့်ဆောင်သဂြိုလ်လိုက်ကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းက ပြောပါသည်။

“ကျနော်တို့ကုမ္မဏီက ဒေသခံ တွေ အလုပ်ရှိဖို့အဓိက ဘဲဆိုတော့ ဒေသခံရဲ့ကားတွေကိုဘဲ ပြန်ပြီး ငှားရမ်း သုံးနေ တာဖြစ်ပါတယ်။ လျော်ကြေးငွေ ကိစ္စ ကတော့ ကာယကံရှင်ကားသမားနဲ့ဘဲ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဘက် စလုံးပြေ လည်အောင် တော့ အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ” ဟု GSM ကုမ္မဏီတာဝန်ခံ ဦးရွှေသိန်းက ပြောပြပါသည်။

စိုင်းယီသည် လွန်ခဲ့သည့်နှစ်က ၎င်း၏လယ်ကိုရောင်းပြီး ကျောက်တင်ကားတစီးဝယ်ကာ သလင်းကျောက် သယ်သည့် လုပ်ငန်း လုပ်ကိုင်နေသူ တဦးဖြစ်သည်။

GSM ကုမ္မဏီက နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွာအနီး မုံရွှဲတောင်ထွက် Quartz ခေါ် သလင်းကျောက် များအား တူးဖော်၍ နမ့်ခမ်းနှင့် ၂၄ ကီလိုမီတာ (၁၅ မိုင်) အကွာ၊ မူစယ်မြို့အနီး ကျောက်ပုံစခန်း(လွယ်ကျူလောက်)သို့နေ့စဉ် ကား အစီးရေ ၃၀ ဖြင့် သယ်ယူနေခြင်းဖြစ်သည်။

“သယ်ယူပို့ဆောင်ပေးခ တတန်ကို ၄၈ ယွမ် (မြန်မာငွေ ၆၈၅၀ကျပ်) ပေးပါတယ်။ တစ်စီးဆိုရင်  ၃ တန်အထိ တော့ တင်လို့ရတယ်။ တစ်နေ့ကို အနည်းဆုံး နှစ်ခေါက်တော့ သယ်ပေးရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ကားသမားတွေက လေးငါးခေါက်ရအောင် စည်းကမ်းမဲ့အမြန်မောင်းလို့  ယာဉ်တိုက်မှုမကြာခဏ ဖြစ်ရတာပေါ့ဗျာ” - ဟု ကားသမားနှင့် နီးစပ်သူ ဒေသခံတစ်ဦးပြောပြသည်။

၂၀၁၂ ခုနှစ်ဦးက စခဲ့သော တရုတ်နှင့် အစိုးရစီမံကိန်း တို့့မှ စည်းကမ်းမဲ့မောင်းနေသော ကားများကြောင့် ဒေသခံ အနည်းဆုံး ငါးဦးထက်မနဲသေးဆုံးခဲ့ရပြီးဖြစ်သည်။ ထို့အပြင် မူစယ်-နမ့်ခမ်း ကားလမ်းလည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေ သည်ဟု ဒေသခံ စိုင်းခမ်းက ပြောပြသည်။