အိုအိုင်စီရုံုး အလိုမရှိကြောင်း ရခိုင်ပြည်နယ် အနှံ့ကန့်ကွက် ဆန္ဒထုတ်ဖေါ်

အိုအိုင်စီရုံုး အလိုမရှိကြောင်း ရခိုင်ပြည်နယ် အနှံ့ကန့်ကွက် ဆန္ဒထုတ်ဖေါ်
by -
နိရဥ္စရာ

အိုအိုင်စီခေါ် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ စစ်တွေမြို့တွင် ရုံးဖွင့်မည်ကို မလိုလားကြောင်း ယနေ့တွင် ရခိုင်ပြည်နယ် မြို့နယ် အနှံ့အပြား၌ ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ပြီး သဘောထား ထုတ်ဖေါ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ယနေ့တွင် ပြုလုပ်သော ဆန္ဒ ထုတ်ဖေါ်ပွဲများ (ဓါတ်ပုံ- နိရဥ္စရာ)
ဆန္ဒပြ သဘောထား ထုတ်ဖေါ်ခဲ့ကြသော မြို့များမှာ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်နှင့် စစ်တွေတို့ ဖြစ်ကြသည်။

မောင်တောတွင်  အိုအိုင်စီ ဆန့်ကျင်သည့် တီရှပ် အကျီင်္များ ၀တ်ဆင်ပြီး သဘောထား ထုတ်ဖေါ်သူ အမှတ် ၃ ရပ်ကွက်မှ လူငယ် (၂) ဦးကို ရဲက ခေတ္တ ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။ အဆိုပါ လူငယ် ၂ ဦးမှာ ဦးခင်မောင်နိုင်နှင့် ကျော်စိန်မောင် တို့ ဖြစ်ကြသည်။

ဘူးသီးတောင်တွင် အိုအိုင်စီ ကန့်ကွက်သည့် ပိုစတာများကို အိမ်ခြံ လမ်းဝများတွင် ချိတ်ဆွဲထားပြီး သဘောထား ထုတ်ဖေါ် ခဲ့ကြသည်။ သို့သော်လည်း လမ်းပေါ်ထွက် ဆန္ဒပြခြင်းကို အာဏာပိုင်များက ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြ သဘောထား ဖေါ်ထုတ်ရာတွင် မြောက် ဦးမြို့တွင် လူအင်အား ၄၀၀ ကျော်၊ ရသေ့တောင် လူအင်အား ၂၀၀၀၀ ကျော်၊ ပုဏ္ဏားကျွမ်း ၁၀၀၀ကျော်နှင့် ကျောက်တော်  လူအင်အား ၁၄၀၀ ကျော် ပူးပေါင်း ပါ၀င်ခဲ့သည်ဟု သတင်း ရရှိသည်။

စစ်တွေတွင်  ပါ၀င်သော လူအရေအတွက် ဆန္ဒပြပွဲ အစီအစဉ်ကို စစ်တွေမြို့ မင်းဗာကြီးရပ်ကွက်မှ ကိုသန်းထိုက်က နိရဥ္စရာသို့ ယခုလိုပြောသည်။

“ဒီနေ့စစ်တွေမြို့ ဆန္ဒပြပွဲမှာ ရဟန်း ၁၅၀၀ခန့်နဲ့ လူထု ၃၀၀၀ကျော်ပါ၀င်တယ်။ စစ်တွေမြို့ ဘုရားကြီးကွင်း ကနေ မွန်းတည့် ၁၂နာရီ ကျော်မှာ ဦးဥတ္တမလမ်းကို ချီတက်တယ်၊ အဲဒီကတဆင့် မင်းဘာကြီး လမ်းကို ကွေ့ပြီး ရွာကြီးလမ်း အတိုင်း လာကြတယ်။ ပြီးရင် ရိုးမဘဏ် ရှေ့လမ်း ဦးဥတ္တမ လမ်းအတိုင်း ပြန်ဝင်ပြီး တော့ ဘုရားကြီး ကွင်းမှာဘဲ ညနေ ၂နာရီမှာ အဆုံးသတ်ခဲ့ကြ ပါတယ်” ဟုပြောသည်။
OIC-unwanted-Arakan-Burma
ယနေ့ဆန္ဒပြပွဲတွင် တောင်းဆိုချက် အချက်(၂)ချက်ပါရှိရာ နံပါတ် (၁) အချက်မှာ  မြန်မာနိုင်ငံ၌ OIC ကို လုံးဝ အလိုမရှိ နံပတ် (၂) အချက်တွင်  ရခိုင် ပြည်၌ OIC လုံးဝ အလိုမရှိ ဟုဆိုသည်။ ၎င်း အချက် (၂) ချက်ကို ဆိုင်းဘုတ်၊ ပိုစတာများတွင် ရေးသား ကိုင်ဆောင်ပြီး  ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် လှည့်လည်ကာ ဆန္ဒထုတ်ဖေါ်ကြသည် ဟု ဆိုသည်။

ဘုရားကြီးကွင်းအတွင်းမှ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ရဟန်းပျို  စည်းကမ်း  ထိန်းသိမ်းရေး ဥက္ကဌ အရှင် ပညာဇောတက ယခုလို မိန့်ကြားသည်။

“ဆရာတော်က  ပြည်သူတွေကို မိမိတို့နဲ့ အတူ လိုက်ပါဆောင်ရွက် မယ်ဆိုရင် စည်းကမ်းရှိရမယ်၊ အကြမ်း မဖက်ရဘူး၊ အရက်သေစာ သောက်စားပြီး လုံးဝ ရှေ့တန်းက မပါရဘူး၊ ရဟန်းပျိုတွေနဲ့ အတူတူ ပြည်သူတွေ ပါ စည်းကမ်း သေဝပ်စွာနဲ့ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှုရမှာဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

ညနေ  ၃နာရီ အချိန်ခန့်တွင် ဆန္ဒပြ ဖေါ်ထုတ်ပွဲများ အောင်မြင်စွာ ပြီးဆုံးသွားကြောင်း သိရသည်။ ယနေ့တွင် ရန်ကုန် ၊မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်ကြီး၊ ချောက်၊ ရေနံချောင်း၊မကွေး၊ရေစကြို၊ ဖျာပုံ ၊ ပြည်၊ တောင်ငူနှင့်  မော်လမြိုင်မြို့ တို့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

Most read this week