KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို တရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် အောက်တိုဘာလ (၁၄) ရက်နေ့ည မြန်မာစံတော်ချိန် ၁၀နာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်
အသက် ၆၅နှစ်ရှိသည့် ပဒိုဒေးဗစ်ထောသည် ၎င်းတက်ရောက်ကုသနေသည့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ပင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းကို ရန်ကုန်မှ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအထိ ရဟတ်ယဉ်ဖြင့် ညတွင်းချင်း ပြန်လည်ပို့ဆောင် ရန် အစိုးရဘက်မှ စီစဉ်ထားသည်။

ယင်းနောက် သင်္ကန်းညီနောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်သယ်ဆောင်သွားရန် ကေအဲန်ယူ ဘက်မှ စီစဉ်ထားသည်ဟု ကေအဲန်ယူအသိုင်းအဝိုင်း၏ ပြောဆိုမှုများအရ သိရသည်။

ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦး သမီးသုံးဦးထွန်းကားသည့် ပဒိုစောဒေးဗစ်ထောကို မိဘများဖြစ်သည့် ဦးရွှေထော၊ နော်မေဖိုးတို့မှ ၁၉၄၈ခုနှစ်၊ မတ်လ ၁၀ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။

၎င်း၏ စျာပနကိစ္စနှင့် ပတ်သက်၍ နောက်ရက်များတွင် ကေအိုင်စီမှ ဆက်လက် ရေးသားတင်ပြသွားမည်ဖြစ် သည်။