စစ်တပ်မှာ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရှိသင့်သလား။ ကေအဲန်ယူဗဟိုမှ နေ၍ ကေအဲန်ယူ စစ်ဦးစီးချုပ်အား တာဝန်မှ ရပ်ဆိုင်းရသည့်အကြောင်းများတွင် စီးပွားရေး နှင့် ပတ်သက်သည့် ကိစ္စများကိုလည်း တွေ့ရသည်။ စွပ်စွဲချက်များ မှန်ကန်မှုမရှိလျှင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးအနေ နှင့် အများသိအောင်ရှင်းလင်းခွင့် ရှိပါသည်။
အောင်ထူး (ရှေ့နေ) အပိုင်း (၃)
စစ်တပ်မှာ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရှိသင့်သလား။ ကေအဲန်ယူဗဟိုမှ နေ၍ ကေအဲန်ယူ စစ်ဦးစီးချုပ်အား တာဝန်မှ ရပ်ဆိုင်းရသည့်အကြောင်းများတွင် စီးပွားရေး နှင့် ပတ်သက်သည့် ကိစ္စများကိုလည်း တွေ့ရသည်။ စွပ်စွဲချက်များ မှန်ကန်မှုမရှိလျှင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးအနေ နှင့် အများသိအောင်ရှင်းလင်းခွင့် ရှိပါသည်။
ရှင်းလင်းလိမ့်မည်ဟုလည်း မြှော်လင့်သည်။ စာရေးသူအနေဖြင့်မူ စစ်တပ်နဲ့ စီးပွားရေးဆိုင်ရာမူသဘော အခြေခံမှ တင်ပြပါမည်။ ဤပြသနာမှာ တပြည်လုံးကို လှိုက်စားနေခြင်း ကြောင့်ဖြစ်သည်။
တော်လှန်ရေးတပ်ဖြစ်စေ၊ တိုင်းပြည်ကို တရားဝင်အုပ်ချုပ်နေသည့် အစိုးရ၏ တပ်ဖြစ်စေ စစ်အသုံးအ ဆောင်၊ ရုပ်ဝတ္တုပစ္စည်းနှင့် ငွေကြေးလိုအပ်သည်မှာ အမှန်ဖြစ်သည်။ သို့ရာတွင် စစ်တပ်အားစီးပွားရေး လုပ်ခွင့် ပေး၍မရပါ။ မြန်မာနိုင်ငံ၌စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသည်မှာ စစ်တပ်ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းကြီးများ လုပ်ပြီး ၀င်ငွေများကို အစစ်အဆေးမရှိ တိုက်ရိုက် သုံးစွဲခွင့်ရနေခဲ့၍ဖြစ်သည်။ စစ်အစိုးရ၏ လက်ဝေခံ စီးပွားရေးသမား ကြီးများကလည်း ဝေစားမျှစားလုပ်ကာ စစ်တပ်စီးပွားရေးကို ကျားကန်ပေးထားသောကြောင့်ဖြစ်သည်။ ယင်း၏ အကျိုးဆက်အဖြစ် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသာ ကျိကျိတက် ချမ်းသာသွားကြပြီး တပ်မှုးငယ်များအပါအဝင် တပ်အောက်ခြေထု တခုလုံးနှင့်အခြေခံလူထုကြီး တရပ်လုံး ဆင်းရဲတွင်းနက်သွားခြင်းဖြစ်သည်။
ထိုနည်းတူပင် တော်လှန်ရေးတပ်ကို စီးပွားရေးလုပ်ခွင့် ပေးလိုက်လျှင် တပ်ခေါင်းဆောင်သည် စစ်အာဏာရှင်ဖြစ်သွားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်ခေါင်းဆောင်သည် လက်နက်ကိုင်တပ်ကို ကိုင်ထားသဖြင့် စစ်ရေးအာဏာရှိနေသည့် တချိန်တည်းတွင် စီးပွားရေးအာဏာပါ ရှိသွားသောကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် တော်လှန်ရေးတပ် ၏ စစ်ဦးစီးချုပ်ကို မည်သူမျှ ထိမ်းကြောင်း၍မရတော့။ ထင်ရာစိုင်းပြီး လုပ်ခြင်ရာလုပ်တော့သည်။ အခြေခံလူထုများ အနေဖြင့် နည်းလမ်းပေါင်းစုံသုံး၍စစ်အာဏာ ရှင် ကြီးစနစ်ကို တိုက်နေသည့်အချိန်တွင် စစ်အာဏာရှင်ကလေးများ ဟိုက သည်က ပေါ်လာတာမျိုး မဖြစ်သင့်ပါ။
“အောက်ခြေတပ်ထု ငတ်ပြတ်ပြီး စားစရာ မရှိဖြစ်နေတယ်။ ယူနီဖေါင်း၊ ဖိနပ်၊ စစ်အသုံးအဆောင်တွေကအစ မရှိ ဘူး။ လက်နက်ခဲယမ်းမီးကျောက် ပြည့်စုံဘို့ဆိုရင် ဝေးရော။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေး ဘို ့တပ်အနေ နဲ့စီးပွားရေးလုပ်ငန်းတွေကို တွဲပြီး မလုပ်ရင် ဓါးပြတိုက်ရမလား။” ဟူ၍ တော်လှန်ရေးတပ် ခေါင်းဆောင်အနေဖြင့် စောဒက တက်ကောင်းတက်ပါမည်။ တော်လှန်ရေးကို တပ်သက်သက်ဖြင့်ဖွဲ့စည်း လည်ပတ်ခြင်း မဟုတ်ပါ။ အရပ်ဘက်အဖွဲ့အစည်းများ ရှိပါသည်။ ၄င်းတို့က တာဝန်ယူပြီးတော်လှန်ရေး တပ်၏ လိုအပ်ချက်ကို ဖြည့်ဆည်း ရပါမည်။ ကေအဲန်ယူသည် ဤ အတိုင်းပင် ကျင့်သုံးလျှက်ရှိကြောင်း နားလည်ပါသည်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအနေဖြင့် “ကျုပ် ဦးစီးချုပ်လုပ်ခဲ့သမျှ တပ်အနေနဲ့ ဘယ်တုန်းကမှ စီးပွားရေး မလုပ်ခဲ့ဘူး။ နောင်လဲ လုပ်မှာ မဟုတ်ဘူး။ လုပ်ဘို့လဲ မညွှန်ကြားဘူး။” ဟူ၍ အများသိ ရှင်းလင်းလိမ့်မည်ဟု မြှော်လင့် သည်။ စစ်ဦးစီးချုပ်အနေဖြင့် တပ်အောက်ခြေထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်သဘောရိ ုးဖြင့် ဆောင်ရွက်ခဲ့မှု များ ဖြစ်ပါက ပြန်လည်ညှိနိုင်းတင်ပြပြီး နောင်မဖြစ်အောင်ရှောင်ကြဉ်မည်ဟု တာဝန်ခံလျှင် ညီညွတ်ရေးအတွက် အကူအပံ့များ ဖြစ်လေမလားဟု မြှော်မှန်းပါသည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်ဆဲ မည်သည့် တပ်မှုးတပ်သား ကိုမျှ စီးပွားရေးလုပ်ငန်းတွင် တာဝန်ပေးအပ်ခြင်း မပြုသင့်ပါ။ ဤမူကို ယခုကစ၍ တင်းကြပ်စွာ လိုက်နာလုပ်ဆောင် ခြင်းဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ၌ နောင်အလားတူ ပြသနာမျိုးမဖြစ်ရန် ရှောင်လွှဲနိုင်မည့်အပြင် အနာဂါတ်ပြည် ထောင်စုအတွက်ပါ အုတ်မြစ်ကောင်း ချရာရောက်ပါမည်။
အပစ်အခတ်ရပ်စဲရေးကို စီးပွားရေး မြှော်မှန်းချက်ဖြင့် လုပ်သင့်သလား။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ်အခြေခံသည့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေး ရည်မှန်းချက်ကို ကိုင်စွဲကာ ကေအဲန်ယူဗဟိုသည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေခြင်းဟု နားလည်ပါသည်။ အပစ်အခတ် ရပ်စဲရေးကို စီးပွားရေးရည်မှန်းချက်ဖြင့် မလုပ်သင့်ပါ။ အကယ်၍ ကေအဲန်ယူ အလံအောက်မှ ခွဲထွက်၊ သီးခြားအဖွဲ့ တခုထပ်ထောင်၊ အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူကာ စီးပွားရေးလုပ်ငန်းများ လုပ်မည်ဆိုပါက မည်မျှအထိ လက်တွေ့အကျိုးရှိမရှိ သုံးသပ်ရန်လိုပါမည်။
မွန်ပြည်သစ်ပါတီသည် အပစ်အခတ်ရပ်စဲရေးကို ၁၇ နှစ်တာ လုပ်ခဲ့ပြီး ဖြစ်ပါသည်။ စစ်အစိုးရက ပါတီအား လုပ်ငန်း လိုင်စင်များ တဘက်က ချပေးသော်လည်း အခြားတဘက်က ၄င်းလုပ်ငန်းများ အလုပ်မဖြစ်ရန် အနှောက်အယှက် ပြုသည်။ ပါတီအနေဖြင့် စီးပွားရေးအရ ဟုတ္တိပတ္တိ ထိထိရောက်ရောက် အကျိုးမရှိခဲ့ပါ။ အပစ်အခတ်ရပ်စဲခဲ့သော အခြားအဖွဲ့ငယ်အတော်များများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရခဲ့သည့် ထိပ်ပိုင်း သို့မဟုတ် အလတ်ပိုင်း စစ် ဘက်၊ အရပ်ဘက် ခေါင်းဆောင်အတော်များများ ပုဂ္ဂိုလ်တဦးခြင်းအရ ကြီးပွားချမ်းသာ သွားကြသည်။ အောက်ခြေ ရဲဘော်ထုများနှင့် လူထုများမှာ ဆင်းရဲတွင်းမှ မတက်ခဲ့ပါ။
ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်သည် နိုင်ငံတော်ပိုင် မြေယာစနစ်ဆိုသည်ကို အတင်းအကြပ် အကောင် အထည်ဖေါ်ကာ ဒေသခံလူထုများ၏ ဒေသအလိုက် စုပေါင်းပိုင်ဆိုင်သည့် မြေယာစနစ်ကို အသိအမှတ်မပြု။ စစ်အစိုးရ ကိုယ်တိုင်ချိုးဖေါက် လုပ်ကိုင်သည့်အပြင် နိုင်ငံခြား ကုမ္ပဏီကြီးများ၊ ပြည်တွင်း လက်ဝေခံ ဓနရှင်ကြီးများ၏ ကုမ္ပဏီများအား မြေယာဆိုင်ရာ လုပ်ပိုင်ခွင့် အမျိုးမျိုးချပေးသောကြောင့် သဘာဝနှင့် ပတ်ဝန်းကျင်ကိုမှီခို၍ ဒေသခံလူ ထု (ကရင်ပြည်နယ် အတွင်း၌ ကရင်လူထု) ၏ အသက်ရှင်ရပ်တည်ခွင့်အား အကြီးအကျယ်ထိပါးလျှက် ရှိသည်။ သာဓက အားဖြင့် ဆိုလျှင် တောင်ငူခရိုင် သောက်ရေခပ်ချောင်း ရေလှောင်တာတမံ တည်ဆောက်မှုအား ကရင်လူထုက ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိရာ လူထုက ကေအဲန်ယူကို အားကိုးကြသည်။ ဒေသခံ ကေအဲန်ယူကလည်း တတ်နိုင်သမျှ လူထုကို အကူအညီပေးလျှက်ရှိကြောင်းကြားရသည်။
ထိုနည်းတူစွာ တောင်ပိုင်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံစီမံကိန်းအား စစ်အစိုးရက အကောင် အထည်ဖေါ်လျှက်ရှိသည်။ ယင်းစီမံကိန်းအရ ထားဝယ်မှနေ၍ ကရင်လူမျိုးများ အများစု နှစ်ရာပေါင်းများစွာ အခြေစိုက်နေထိုင်သည့်ဒေသများကို ဖြတ်ကာ ထိုင်းနိုင်ငံအရောက် လမ်းဖေါက်လုပ်သောအခါ ဒေသခံကရင်လူထုမှာ ဘဝပျက် တော့သည်။ ကရင်လူထုများ စုဝေးကာ ဘုရားသခင်ထံ ဆုတောင်းပွဲများ ကျင်းပရုံမှလွဲ၍ ဘာမျှ မတတ် နိုင်ကြ။ ဒေသခံလူထုသည် ကေအဲန်ယူကို အားကိုးလိုကြသည်။
ကေအဲန်ယူသည် ဒေသခံကရင်လူထု၏ အကျိုးကို တကယ်တန်း သယ်ပိုးလိုသည်ဆိုပါက မည်သည့် အစိပ်အပိုင်း ကမျှ ခွဲထွက်ခြင်း၊ သို့မဟုတ် နှစ်ဖွဲ့ခွဲ၍ ရပ်တည်ခြင်း စသည်တို့မဖြစ်သင့်ပါ။ အလံတော် တခုတည်း၊ ဗဟိုဦးဆောင်မှု တခုတည်း၏ အောက်တွင် စည်းလုံးညီညွတ်စွာဖြင့် ကရင်လူထု၏ ဘဝနစ်နာမှုများအား ဖေါ်ထုတ်၊ လူထုဘက်မှ တင်း တင်းမာမာ ရပ်တည်ကာ စစ်အစိုးရ တာဝန်ရှိသူများနှင့် အရေးဆိုလိမ့်မည်ဟု မြှော်မှန်းပါသည်။ ကေအဲန်ယူ ဆက်ဆံရေးရုံးများ ဖွင့်ခြင်းမှာ စစ်အစိုးရ ချပေးသမျှ စီးပွားရေးလုပ်ငန်းကလေးများအား ကေအဲန်ယူအတွက် သက် သက်သာ လုပ်ခြင်းထက် ကရင်လူထု၏ အခွင့်အရေးအတွက် ခုခံကာကွယ်တိုက်ပွဲဝင်ရန် ဖွင့်ခြင်းမျိုးဖြစ်သင့်ပါသည်။ ဤသည်မှာ ကေအဲန်ယူ စည်းလုံးညီညွတ်မှုအခြေခံတွင် အပစ်အခတ်ရပ်စဲရေးကို နိုင်ငံရေးရည်မှန်းချက်နှင့် ဖေါ်ဆောင်မှသာဖြစ် နိုင်ပါမည်။ ကွဲကြပြီဆိုလျှင်တော့ နှစ်ဘက်လုံးထိခိုက်ရုံမက လူထုမှာ အနစ်နာဆုံးဖြစ်ပါမည်။
အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်း နှင့် ” ဂိုဏ်းဂဏ ”
ကေအဲန်ယူဗဟို၏ ဒုတိယစွပ်စွဲချက်မှာ စစ်ဦးစီးချုပ်သည် အဖွဲ့အစည်းတည်ဆောက်မှုအရ အဆင့်ဆင့်ဦးဆောင်မှုကို လိုက်နာခြင်းမရှိ။ စောဒေးဗစ်ထော၊ ဗိုလ်မှုးရော်ဂျာတို့ဖြင့်သာ သုံးဦး အုပ်စုဖွဲ့၍ ဆောင်ရွက်ခဲ့သည် ဟူ၍ဖြစ်သည်။ စွပ်စွဲချက်မှန်သည် မမှန်သည်ကို စာရေးသူ ကိုယ်တိုင်မသိပါ။ သို့ရာတွင် အုပ်စုဖွဲ့သည့် သဘောကိုတော့ ဆွေးနွေးလို ပါသည်။ နိုင်ငံရေးတွင် ဤသည်ကို မြန်မာစကားဖြင့် ” ဂိုဏ်းဂဏ ” ဟု ခေါ်ပါသည်။
ပါတီများတွင် ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးရပါသည်။ ဥပမာ ၁၁ ဦးရှိသော ကော်မတီတွင် မဲခွဲဆုံးဖြတ်ရန်လိုပါက (၆) မဲရသည့် ဘက်ကနိုင်ပြီး (၅) မဲရသည့်ဘက်က ရှံုးပါသည်။ (၅) မဲရသည့် ဘက်က (၆) မဲရသည့်ဘက်၏ အဆိုကို လက်ခံလိုက်နာ ဖေါ်ဆောင်ရပါသည်။ ဤသည်မှာ အခြေခံအားဖြင့် ဒီမိုကရေစီ ဖြစ်သည်။ ကော်မတီဝင်တဦးသည် အဆိုတခု ကို ဆုံးဖြတ်မဲပေးရာ၌ တခါတရံ အဖြူဘက်မှာရှိမည်။ တခါတရံအမဲဘက်မှာ ရှိမည်။ တခါတရံအဝါ ဘက်မှာရှိမည်။ ဤသည်မှာ ဖြစ်လေ့ဖြစ်ထပင်။ ပြသနာမရှိ။
ဥပမာအားဖြင့် ကော်မတီဝင် ၁၁ ဦးအနက် သုံးဦးကို လေ့လာကြည့်ကြပါစိို့။ အဆို (၁) ကို မဲပေးရာ၌ တဦးသည် အဖြူဘက်မှာရှိပြီး အခြားနှစ်ဦးက အမဲ နှင့် အဝါဘက်မှာ ရှိနိုင်သည်။ ပြသနာမရှိ။ အဆို (၂) ကို မဲပေးရာ၌ တဦး သည် အမဲဘက်မှာရှိပြီး အခြားနှစ်ဦးက အဝါနှင့် အဖြူဘက်မှာ ရှိနိုင်သည်။ ပြသနာ မရှိသေး။ အဆို (၃) ကို မဲပေးရာ၌ သုံးဦးလုံးသည် အမဲဘက်မှာရှိနိုင်သည်။ ဤသည်မှာလည်း ပြသနာ မရှိသေး။ သို့ရာတွင် ၁၁ ဦးပါ၀င်သည့် ကော်မတီအစည်းအဝေး ကျင်းပရာ၌ မည်သည့် အဆိုကိုဘဲ ဆွေးနွေးသည်ဖြစ်စေ အဆိုပါ သုံးဦးသည် အစဉ်အမြဲပင် ရပ်တည်ချက် တခုတည်းအပေါ်တွင် ရှိနေကြသည်ဆိုလျှင် အုပ်စုများဖွဲ့နေသလားဟူ၍ စဉ်းစားဘွယ် ရှိလာသည်။ ထိုမျှမက ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ရှိမှသာ လုပ်ပိုင်ခွင့်ရှိသော ကိစ္စရပ်မျိုးကို ကော်မတီအစည်းအဝေးသို့ မတင်ပြဘဲ အစည်းအဝေးအပြင်တွင် သုံးဦးဖြင့်သာ ညှိနိုင်း၍ လုပ်ဆောင်ခြင်း၊ ကော်မီတီ အစည်းအဝေးကို မတင် ရုံမျှမက ကော်မတီ၏ ထိပ်ပိုင်းခေါင်းဆောင်ငါးဦးထံမှ ခွင့်ပြုချက်မရယူဘဲ ဆောင်ရွက်ခြင်း၊ ထပ်ခါတလဲလဲ ဆောင် ရွက်ခြင်းများ ရှိလာလျှင် အုပ်စုဖွဲ့ပြီ။ ” ဂိုဏ်းဂဏ ” ဖြစ်သွားပြီဟု ပြောနိုင်သည်။ တော်လှန်ရေးပါတီ တရပ်၌ ” ဂိုဏ်းဂဏ ” ၀င်သွားပြီဆိုလျှင် ပါတီတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီဖြစ်သဖြင့် အာဏာရှင်ပါတီ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ပါတီ ပျက် မည့် အခြေအနေသို့ရောက်သွားနိင်ပါသည်။ သို့ဖြစ်၍ တော်လှန်ရေးပါတီအတွင်း၌ ” ဂိုဏ်းဂဏ ” ကို လုံးဝ လက်မခံသင့်ပါ။
တချိန်တည်းတွင် လောက၌ သံသယဖြင့် စွပ်စွဲမှုများလည်း ရှိတတ်သည်။ ခင်ရာမင်ရာ အတွေးအခေါ်ခြင်းတူညီရာ ပုဂ္ဂိုလ်အချင်းချင်း သဘောရိုးဖြင့် စုစည်းဆောင်ရွက်ခြင်းမျိုးကို အုပ်စုဖွဲ့သည်ဟု မြင်တာမျိုးလည်း ဖြစ်နိုင်သည်။ အုပ်စုဖွဲ့သည် ဟု စွပ်စွဲခံရသောခေါင်းဆောင်များတွင် ခုခံချေပခွင့် အပြည့်အဝ ရှိသင့်ပါသည်။ အုပ်စုဖွဲ့ခြင်းမဟုတ် ပါဟု အတိအလင်း ရှင်းပြခွင့်ရှိသင့်သည်။ ပွင့်ပွင့်လင်းလင်း ညှိနိုင်းဆွေးနွေးကြ၊ အပြန်အလှန်ထောက်ပြကြခြင်းဖြင့် အမှားရှိလျှင် ရိုးသားစွာဝန်ခံ၊ အမှန်ကို ရှေ့ရှု၊ သို့မဟုတ် သံသယဖြင့် စွပ်စွဲခြင်းဖြစ်လျှင် ပြန်လည်ရုပ်သိမ်း၊ စသည့် နည်းများဖြင့် ရောဂါကို ကုသ လူနာကို ကယ်တင်သင့်ပါသည်။ ရောဂါရှင်ကို ဆေးရုံပေါ်မှ နှင်ချခြင်းမျိုး မဖြစ်သင့်ပါ။ သို့ရာတွင် ရောဂါရှင်ကိုယ်တိုင်က ဆေးဝါးကုသခြင်း မခံလိုတော့ဟူလျှင်လည်း မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါ။
နိုင်ငံရေးအရ ဤမျှ အရေးကြီးနေသည့်အချိန် အထူးသဖြင့် ကရင်လူထုကြီး တရပ်လုံးနီးပါးနှင့် မဟာမိတ် အဖွဲ့အစည်းများက ကေအဲန်ယူ၏ စည်းလုံးရေးကို တောင်းဆို၊ အားပေး၊ လိုလားနေကြသည့်အချိန်တွင် ကေအဲန်ယူ သည် ရောဂါကို ကုသ လူနာကို ကယ်တင်သည့်နည်းကို အသုံးပြုလိမ့်မည် ဟု မြှော်လင့်ပါသည်။
အပိုင်း(၄) ကို ဆက်လက်ဖတ်ရှုပါရန်