ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး
by -
အောင်ထူး

ကေအဲန်ယူ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ စောဒေးဗစ်ထောနှင့် ဗိုလ်မှုး ရောဂျာတို့အား တာဝန်များမှ ထုတ်ပယ်လိုက်ခြင်းမှာ ကေအင်ယူ အတွင်းဖြစ်ပွားနေသည့် ပြသနာဟု သာမန်အားဖြင့် နားလည်နိုင်ပါမည်။ သို့ရာတွင် ကေအဲန်ယူ ကိုယ်တိုင်က တပြည်လုံးသိ၊ တကမ္ဘာလုံးသိအောင် ထုတ်ပြန်ဆောင်ရွက် နေပြီဖြစ်သဖြင့် ဤကိစ္စမှာ အဖွဲ့အစည်းတခုအတွင်း လျှို့ ၀ှက်ချက် မဟုတ်တော့ပါ။

အောင်ထူး (ရှေ့နေ) အပိုင်း (၂)

ကေအဲန်ယူ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ စောဒေးဗစ်ထောနှင့် ဗိုလ်မှုး ရောဂျာတို့အား တာဝန်များမှ ထုတ်ပယ်လိုက်ခြင်းမှာ ကေအင်ယူ အတွင်းဖြစ်ပွားနေသည့် ပြသနာဟု သာမန်အားဖြင့် နားလည်နိုင်ပါမည်။ သို့ရာတွင် ကေအဲန်ယူ ကိုယ်တိုင်က တပြည်လုံးသိ၊ တကမ္ဘာလုံးသိအောင် ထုတ်ပြန်ဆောင်ရွက် နေပြီဖြစ်သဖြင့် ဤကိစ္စမှာ အဖွဲ့အစည်းတခုအတွင်း လျှို့ ၀ှက်ချက် မဟုတ်တော့ပါ။

၄င်းတို့အား အရေးယူလိုက်သည့် အဓိက အကြောင်းခံမှာ ဦးသိန်းစိန်ခေါင်းဆောင်သည့် လက်ရှိစစ်အစိုးရက ဖေါ် ဆောင်လျှက်ရှိသောအပစ်အခတ်ရပ်စဲရေးနှင့် လုံးဝ ဆက်စပ်လျှက်ရှိသောကြောင့် ပြည်တွင်းငြိမ်းချမ်း ရေးကို လိုလား မြတ်နိုးသော လူထုတရပ်လုံးအနေဖြင့်လည်း လေ့လာခွင့် ပါ၀င်ဆွေးနွေးခွင့် သဘောထား အမြင်ထုတ်ဖေါ်ခွင့်ရှိသည် ဟု ယူဆပါသည်။ ကေအဲန်ယူ အလုပ်အမှုဆောင်အဖွဲ့အနေဖြင့်လည်း ကေအဲန်ယူ ပါတီဝင်အားလုံးနှင့် တပ်မှုး၊ တပ် သား အောက်ခြေထုများသာမက ကရင်လူထုများကိုပါ ချပြ၊ သဘောထားအမြင်များကို စုဆောင်းလေ့လာကာ ဆက် လက်ဆောင်ရွက်မည်ဆိုလျှင် စနစ်ဟောင်းကို ဆန့်ကျင်၍ စနစ်သစ်ကို တည်ဆောက်မည့်တော်လှန်ရေးအဖွဲ့အစည်း တခုအဖြစ် ပို၍ ခိုင်မာသွားနိုင်ပါမည်။

စာရေးသူအနေဖြင့် ဤကိစ္စတွင် အလယ်၌တည့်တည့်ရပ်၍ သုံးသပ်တင်ပြသွားမည်ဖြစ်ကြောင်း အထူးသဖြင့် ကရင် လူထုကို အသိပေးလိုပါသည်။ အဘယ်ကြောင့် တည့်တည့်ရပ်သည်ဟု သုံးနှုန်းပါသနည်း။ ဤသည်ကို ရှင်းပါမည်။ ဦးဆောင်အရေးယူလိုက်သည့် ကေအဲန်ယူ အလုပ်အမှုဆောင် အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ငါးဦးအနက် လေးဦး နှင့်လည်းကောင်း၊ အရေးယူခံလိုက်ရသည့် ခေါင်းဆောင် သုံးဦးနှင့် လည်းကောင်း စာရေးသူသည် ပုဂ္ဂိုလ်အရ ရင်းနှီး ပါသည်။ လုပ်ငန်းအရလည်း ဆက်စပ်လုပ်ကိုင်ခဲ့ဘူးများ ဖြစ်ကြသည်။

ကေအဲန်ယူ လက်ရှိ ဥက္ကဌကြီး စောတာမလာဘောမှာ ကေအဲန်ယူ ပါ၀င်ဖွဲ့စည်းထားသည့် နိုင်ငံရေးတပ်ပေါင်း စု ဖြစ် သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ဥက္ကဌတာဝန်ကို ထမ်းဆောင်သောအခါ စာရေးသူ အား (အခြား အဖွဲ့အစည်းခေါင်းဆောင်များ၏ သဘောတူညီမှုများပါရယူ၍) အကြံပေးအဖြစ် ၄င်းကိုယ်တိုင် စာနှင့် လက်မှတ်ရေးထိုးအသိအမှတ်ပြုကာ မိမိအကူအညီကို ရယူခဲ့ဘူးပါသည်။ ပထမတွင် ဥပဒေအကြံပေး ဖြစ်သော်လည်း နောက်ပိုင်း၌ နိုင်ငံရေးကိစ္စများပါပါ၀င်စေလျှက် အကြံပေးနိုင်စေရန်ဟု ဆိုကာ ရှေ့က ဥပဒေ ဆိုသောစကားလုံး ကိုဖြုတ်ခဲ့ပါသည်။ ကေအဲန်ယူ ဥက္ကဌကြီးသည် ယနေ့တိုင် မိမိအပေါ် တစုံတရာ ယုံကြည်မှုရှိနေဆဲဟု မြှော်လင့်ပါ သည်။

အရေးယူခံလိုက်ရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ ၄င်းတည်းခိုနေထိုင်သည့် အိမ်တွင် အကြောင်းတခုခုဖြင့် အဖွဲ့ အစည်းခေါင်းဆောင်များအား ဖိတ်ကြားဧည့်ခံလေ့ရှိသော အခါများတွင် မိမိကိုပါ ဖိတ်လေ့ရှိသည်။ လူခြင်းတွေ့သည့် အခါများ၌ မိမိ၏ ရေဒီယိုုအင်တာဗျူးများကို နှစ်ခြိုက်သဘောကျကြောင်းနှင့်ပြောကာ အသိအမှတ်ပြုလေ့ရှိသူဖြစ် သည်။ ဥပဒေပညာကိုလည်း တန်ဘိုးထားသူလည်း ဖြစ်သည်။ ၄င်းအပေါ် အရေးယူလိုက်သည့် ကိစ္စနှင့် စပ်လျှဉ်း၍ အများအတွက် အလုပ်လုပ်ခြင်းသာ ဖြစ်သဖြင့် တာဝန်ပေးအပ် လျှင်လည်းလုပ်၊ မပေးလျှင်လည်း မလုပ်ရုံသာ ရှိ ကြောင်း ပြောသည်ဟု တဆင့်စကားကြားသိရသည်။ထို့အပြင် ၄င်းနှင့် တွေ့ဆုံခဲ့သည့် ခရိုင်ဥက္ကဌ တဦးက ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အာဃာတ မထားကြောင်း အောက် တိုဘာလ (၈) ရက်နေ့ည ဘီဘီစီ သတင်းတွင် ထုတ်လွှင့်သွားခဲ့သည်ကို ကြားရသဖြင့်စာရေးသူ အနေ ဖြင့် ၄င်းအပေါ်များစွာ ဂရုဏာသက်မိသည်။

စောဒေးဗစ်ထောနှင့် အစည်းအဝေးပေါင်းများစွာ အတူတက်ခဲ့ဘူးသည့်အပြင် ကေအဲန်ယူ ကိုယ်စားလှယ်အ ဖြစ် ဥရောပခရီးထွက်စဉ်ထွက်သည့်အခါ ဆွီဒင်နိုင်ငံရှိ မိမိနေအိမ်သို့ လာရောက်လည်ပတ်ခဲ့သူဖြစ်သည်။ ဗို်လ်မှုးရော ဂျာနှင့် အရင်းနှီးဆုံးဟု ပြောရပါမည်။ မာနယ်ပလောလွတ်မြောက်နယ်မြေရှိစဉ် နှစ်တချို့ မိမိအခြေချလှုပ်ရှားခဲ့ရာ ၌ အိမ်နီးခြင်းသဘွယ်နေခဲ့ပြီး အကြောင်းကြောင်းနှင့် အနည်းဆုံး တလတကြိမ်ခန့်မျှ တဦးနှင့် တဦးတွေ့ဆုံခဲ့ ကြသည်။

ဤအကြောင်းများကို ဖေါ်ထုတ်တင်ပြနေခြင်းမှာ ကြွားဝါလို၍မဟုတ်ပါ။ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးတဦးကို အရေးယူပြီး တာဝန်မှ ထုတ်ပယ်လိုက်သည်ဟူသည့် ဖြစ်ရပ်မှာ (မိမိသိသမျှ) နှစ်ခြောက်ဆယ်ကျော်ကြာ ကေအဲန်ယူသမိုင်းတွင် မရှိခဲ့ဘူးပါ။ သို့ဖြစ်၍ လက်ရှိအချိန်သည် ကေအဲန်ယူအတွက် နိုင်ငံရေးအရ အရေးကြီးလာသည့်အချိန်ဖြစ်သည်။ ကေအဲန်ယူ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအနေအထားများသည် ကေအဲန်ယူနှင့် ဆက်စပ် လက်တွဲဆောင်ရွက်လျှှက် ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများအပေါ် တနည်းမဟုတ် တနည်း ရိုက်ခတ်နိုင်သည့် အချိန်ဖြစ်သည်။ ဤရိုက်ခတ်မှု အကျိုးဆက်အနေဖြင့် တပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှား မှုကြီးကို အကောင်းဘက် သို့မဟုတ် အဆိုးဘက်သို့ တွန်းပို့ပေးနိုင်မည့် အချိန်ဖြစ်သည်။ အကွဲအပြဲများမဖြစ်အောင် ကေအဲန်ယူအောက်ခြေ တပ်ထုများ၊ ကရင်လူထုများအနေဖြင့် မိမိတို့ခေါင်းဆောင်များအား မည်သို့ ၀ိုင်းရံသင့်သည် ကို အလေးအနက်စဉ်းစားရန် လိုအပ်နေသည့် အချိန်ဖြစ်သည်။ ဤသို့ အရေးကြီးလှသည့် အချိန်တွင် မိမိ၏ သုံးသပ် ချက်များသည် ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ အရှိကိုအရှိအတိုင်း၊ နိုင်ငံရေးစံ၊ အဖွဲ့အစည်းတည် ဆောက်မှုပေတန်၊ ဥပဒေ အခြေခံများဖြင့် သုံးသပ်ခြင်းသာ ဖြစ်ကြောင်း အမြင်ရှင်းစေလို၍ ဖြစ်သည်။

အဆင့်မြင့် ကေအဲန်ယူ ခေါင်းဆောင်သုံးဦးကို တာဝန်မှ ရပ်စဲရသည့် အကြောင်းရင်းခံများ ဟူ၍ မြန်မာလို ခေါင်းစဉ် တပ်ထားပြီး ကရင်ဘာသာနှင့် အသေးစိပ်ရှင်းလင်းချက်တစောင်အား သောသီးခိုး ကရင်သတင်းစဉ် ၀က်ဆိုက်တွင် မနေ့က (အောက်တိုဘာလ ၈ ရက်နေ့က) ဖတ်ရှုလိုက်ရသည်။ အဆိုပါရှင်းလင်းချက်ကို ကေအဲန်ယူ ဗဟိုကော်မတီမှ ထုတ်ပြန်ကြောင်း မပါရှိသော်လည်း ကေအင်ယူဗဟို ကော်မတီမှသာ သိနိုင်သော အကြောင်းရပ် များဖြစ်နေ၍ ယင်း အပေါ် အခြေခံကာ သုံးသပ်တင်ပြပါမည်။

အဘယ်ကြောင့် အရေးယူရကြောင်း ရှင်းလင်းချက်များကို ခြံုကြည့်လျှင် (၁) ကေအဲန်ယူ စစ်ဦးစီး ချုပ်သည် ၄င်းအား အပ်နှင်းထားသည့် စစ်ရေးလုပ်ပိုင်ခွင့်များထက် ကျော်လွန်ဆောင်ရွက်ခဲ့ သည်။ အလုပ်အမှုဆောင်ကော်မတီ သို့မဟုတ် အမြင့်ဆုံးခေါင်းဆောင်ငါးဦး၏ သဘောတူညီချက်ကို မတောင်းခံဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ စီးပွားရေးလမ်းကြောင်းကို ညွှန်ကြားမှုများ ပြုခဲ့သည်။

(၂) စစ်ဦးစီးချုပ်သည် အဖွဲ့အစည်းတည်ဆောက်မှုအရ အဆင့်ဆင့်ဦးဆောင်မှုကို လိုက်နာခြင်းမရှိ။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ဆက်စပ်သည့် နိုင်ငံရေး လုပ်ငန်းများအား ကေအဲန်ယူ အလုပ်အမှုဆောင် အမြင့်ဆုံးခေါင်းဆောင် ငါးဦးသို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်။ အလုပ်အမှုဆောင် အဖွဲ့သို့ တရားဝင်တင်ပြခြင်းမရှိဘဲ စစ်ဦးစီးချုပ်မှ ဦးဆောင်ကာ လျှို့ဝှက်သဘောဆောင်သည့် အစည်းအဝေးများ ကျင်းပခဲ့သည်။ စောဒေးဗစ်ထော၊ ဗိုလ်မှုးရော်ဂျာ တို့ဖြင့်သာ သုံးဦး အုပ်စုဖွဲ့၍ ဆောင်ရွက် ခဲ့သည်။

(၃) အဖွဲ့အစည်းတည်ဆောက်မှု စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိ။ အလုပ်အမှုဆောင်အဖွဲ့အ စည်းအဝေး တက်ရောက်လာသည့်အခါတွင်လည်း လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း တင်ပြခြင်းမရှိ။ စောဒေးဗစ်ထောသည်အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးများကို အကြောင်းခိုင်လုံစွာတင်ပြခြင်းမရှိဘဲ သို့မဟုတ် ကျမ္မာရေး အကြောင်း ပြ၍ ပျက်ကွက်သော်လည်း ထိုအချိန်တွင် (စစ်အစိုးရနှင့်) ဆက်ဆံရေးရုံးဖွင့်ပွဲများကိုမူ တက်ရောက်ခဲ့သည်။

(၄) နိုင်ငံရေးအရ ကေအဲန်ယူမှ ချမှတ်ထားသော နိုင်ငံရေးလုပ်ငန်းစဉ်၊ ရပ်တည်မှုများနှင့် ဆန့်ကျင်ဆောင်ရွက် နေကြသဖြင့် အဖွဲ့အစည်းအပေါ် တာဝန်ခံမှုမရှိ။

အချက် (၁) မှ စတင်၍ သုံးသပ်ပါမည်။
အချက် (၁) မှာ နိုင်ငံရေးနှင့် စစ်ရေးဆက်စပ်မှု၊ တာဝန်ခွဲခြားထမ်းဆောင်မှုများနှင့်သက်ဆိုင်သည်။ အဖွဲ့အစည်း အတွင်း လုပ်ငန်းများလုပ်ဆောင်ရာ၌ ဤသည်ကို မရှင်းလင်း၍များဖြစ်သလား ဟူ၍ စဉ်းစား ဘွယ်ရှိသည်။ သမတ စနစ်ကို ကျင့်သုံးလျှက်ရှိသော အမေရိကန်ပြည်ထောင်စုနှင့် နိုင်းယှဉ်ပါမည်။ အမေရိကန်ပြည်ထောင်စု၏ သမတ သည် တပြည်လုံးတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည့်ကိစ္စ များ အားလုံးအပေါ် နေ့စဉ် ကြီးကြပ်ကွပ်ကဲ ဖေါ်ဆောင်ရသည့် တာဝန်ရှိသလို စစ်သေနာပတိချုပ်လည်း ဖြစ်သည်။

သမတသည် စစ်ရေးအရတိုက်သင့်မသင့်၊ စစ်ပွဲကြီးတရပ်ကို ဆင်နွှဲသင့်မသင့်မဆုံးဖြတ်ခင် နိုင်ငံရေးအရ၊ နိုင်ငံတကာ ဆက်ဆန်ရေးအရ၊ နိုင်ငံတကာ ဥပဒေအရ၊ သံတမန်ရေးအရစသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစား သုံးသပ်သည်။ ကာကွယ်ရေး ၀န်ကြီးနှင့် အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးအရာရှိကြီး များအပြင် စစ်ဦးစီးချုပ်များ ကိုပါ ခေါ်ယူ၍ အကြံပေး မှုများရယူသည်။ ပြီးလျှင် စစ်ပွဲကြီးတခုလုံကို စတင်ဆင်နွှဲသင့်မသင့် ၄င်းက ဦးဆောင်ဆုံးဖြတ် သည်။ ဆင်နွှဲ နေဆဲဖြစ်သော စစ်ပွဲကြီးကို ရပ်သင့်မသင့် ဟူသည်ကိုလည်း ၄င်းကပင် ဦးဆောင်ဆုံးဖြတ်သည်။ စစ်ပွဲကြီး တခုလုံးအပေါ် တိုက်သင့်မသင့်၊ ရပ်သင့်မ သင့်နှင့် စပ်လျှဉ်း၍ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးဦးစီးချုပ်တွင် ဆုံးဖြတ်ခွင့်မရှိ။

စစ်ပွဲကြီး အားတိုက်ပါဟု အမိန့်ပေးလိုက်ပြီး နောက်တွင်မူ စစ်ရေးသက်သက် ဆင်နွှဲရာ၌ ဒီလိုတိုက်ပါ ဟိုလိုတိုက်ပါ ဟူ၍ သမတ က ၀င်ရောက်စွက်ဘက်ခွင့် မရှိတော့။ စစ်ဦးစီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အတွင်း ကျရောက်သွား သည်။ ကာကွယ်ရေးဝန်ကြီး၏ ကြီးကြပ်မှုအောက်တွင် စစ်ဦးစီးချုပ်က ဖေါ်ဆောင် သွားသည်။ စစ်ပွဲကြီး တခုလုံးဆင် နွှဲနေစဉ် (စစ်ပွဲငယ်တခုချင်းစီနှင့် စပ်လျှဉ်း၍) စစ်ရေးပရိယယ်အနေဖြင့် မည်သည့်နေရာမှ စစ်ပွဲငယ်ကို ခဏရပ်ဆိုင်း ထားပြီး မည်သည့်နေရာတွင် အာရုံစိုက်ကာ ထိုးစစ်ကြီးများ ဆင်နွှဲမည်ဟူသည်ကိုလည်း စစ်ဦးစီးချုပ်ကပင် ဆုံးဖြတ် လုပ်ဆောင်သွားမည်။ သမတက အသေးစိတ်ဝင် ရောက်စွက်ဘက် တိုက်ရိုက် အမိန့်ပေးလေ့မရှိ။ ဤသည်မှာ ဆက်စပ်မှုနှင့် ခွဲခြားတာဝန်ထမ်းဆောင်မှု သဘောဖြစ်သည်။

မိမိလေ့လာ၍ရသမျှ ကေအဲန်ယူတွင် လေးနှစ်တကြိမ်ကျင်းပသည့် ညီလာခံသည် အမြင့်ဆုံးဖြစ်သည်။ ညီလာခံ တခု နှင့် တခုအကြားတွင် အရေးကြီးသည့် နိုင်ငံရေး၊ စစ်ရေးကိစ္စများအား ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ် ရသည်။ ဗဟိုကော်မတီ အစည်းအဝေးတခုနှင့် တခုအကြားတွင် ခေါင်းဆောင် (၁၁) ဦးပါ၀င်သည့် အလုပ်အမှုဆောင် အဖွဲ့က အဖွဲ့အစည်းကို ဦးဆောင်သည်။ အဆိုပါ (၁၁) ဦးအနက် ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေမှုး၊ တွဲဘက် အထွေထွေ အတွင်းရေးမှုး (၁) နှင့် တွဲဘက် အထွေထွေ အတွင်းရေးမှုး (၂) တို့သည် (၄င်းတို့အား ကြီးငါးကြီးဟု အများက ခေါ်လေ့ရှိကြ) အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းများကို တာဝန်ယူ ဦးဆောင်ကွပ်ကဲသည်။ ၄င်းတို့ ငါးဦးသည် အဖွဲ့အစည်းအတွင်း အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာ၌ အမေရိကန် ပြည်ထောင်စု သမတ တွင်ရှိသော အခွင့်အာဏာမျိုးရှိသည်ဟု ယူဆသည်။

ဗဟိုကော်မတီ အစည်းအဝေးတခုနှင့် တခုအကြားတွင် စစ်ပွဲကြီးကို တိုက်သင့်မသင့်၊ ရပ်သင့်မသင့် ၄င်းတို့ ငါးဦးက အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ခေါ်ယူ၍ ညှိနိုင်းတိုင်ပင် သဘောထားဆန္ဒ နှင့် အကြံပေးချက် များရယူကာ ဦးဆောင်ဆုံးဖြတ်သွားမည်ဖြစ်သည်။ လိုအပ်လျှင် ၄င်းတို့က အရေးပေါ်ဗဟိုကော်မတီအစည်း အဝေး ခေါ်ယူ၍တင်ပြ ပြီး ဆုံးဖြတ်ချက်ခံယူကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ စစ်ပွဲကြီးတပွဲကို စပြီး တိုက်သင့်မသင့်၊ တိုက်နေဆဲ စစ်ပွဲကြီးကို ရပ်သင့်မသင့် ကေအဲန်ယူ စစ်ဦးစီးချုပ်၏ တဦးတည်း သဘောဖြင့် ဆုံးဖြတ်ခွင့် မရှိဟု မိမိနား လည်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး၌ ၄င်းတွင် တင်ပြခွင့်ရှိ သည်။ စုပေါင်းဆုံးဖြတ်ခွင့်ရှိသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကေအဲန်ယူ ကိုယ်စားဦးဆောင်တက်ရောက်ခြင်းနှင့် အပစ်အခတ်ရပ်စဲ ရေး အတည်ပြု လက်မှတ်ရေးထိုးလိုက်ခြင်းမှာ တာဝန်ပိုင်းအရ များစွာကွာခြားသည်။ ဗိုလ်ကြီးချုပ်ကြီးမြ မကွယ်လွန်ခင် နောက်ဆုံံးနှစ်များတွင် ကေအဲန်ယူ၌ ဖဒိုစောဘသင်မှာ ဥက္ကဌဖြစ်ပြီး ဗိုလ်ချုပ်ကြီးစောဘိုမြ မှာ ဒုဥက္ကဌ ဖြစ်သည်။ စစ်အစိုးရအတွင်း၌ ဗိုလ်ချုပ်ကြီး ခင်ညွန့် တံခိုးထွားခဲ့စဉ်က ဗိုလ််ချုပ်ကြီးမြ သည်လည်း ကေအဲန်ယူ အဖွဲ့ကိုခေါင်း ဆောင်ကာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသွားရောက်ခဲ့ဘူးပါ သည်။ ဗိုလ်ချုပ်ကြီးမြသည် စစ်ရေးသမားဖြစ် သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနှင့်သာ ရယူလိုသူ ဖြစ်ခဲ့သည်။ နိုင်ငံရေးနည်းနှင့် တွေ့ဆုံဆွေး နွေး၍ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် လိုပြီဟုလည်း မြှော်လင့်ဦးဆောင်ခဲ့သူ ဖြစ်သည်။ သို့နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် စစ်ခေါင်း ဆောင်များနှင့် တွေ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ကေအဲန်ယူ ကိုယ်စား အပစ်အခတ်ရပ်စဲ ရေး လက်မှတ်မထိုးခဲ့ပါ။ ဆွေးနွေးပွဲမှ ပြန်လာပြီးနောက် ကေအဲန်ယူ အလုပ်အမှု ဆောင်အဖွဲ့သို့ပြန်လည် တင်ပြ မှုများ ရှိခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးမဖြစ်ခဲ့။

အပစ်အခတ်ရပ်စဲရေးကို လက်ရှိ စစ်ဦးစီးချုပ်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမှာ ကေအဲန်ယူတခုလုံး၏ နေ့စဉ် လုပ်ငန်းများ ကို တာဝန်ယူကြီးကြပ် ကွပ်ကဲလျှက်ရှိသော ထိပ်ပို်င်းခေါင်းဆောင် ငါးဦးထံမှ သဘောတူညီ ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်တော့ စာရေးသူကိုယ်တိုင် အတိအကျ မပြောနိုင်ပါ။ ဗဟိုကော်မတီအစည်းအဝေးနှင့် အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များလည်း မရှိ၊ ထိပ်ပိုင်းခေါင်းဆောင်ငါးဦးထံမှ သဘောတူညီချက်လည်း တောင်းခံခြင်းမပြုဘဲ စစ်ဦးစီးချုပ်အနေဖြင့် မိမိသဘောအလျှောက် လက်မှတ်ထိုးခဲ့သည် ဆိုလျှင်မူ ၄င်းတွင် ဖြေရှင်း ရန်တာဝန်ရှိသွားပြီဟု ယူဆပါသည်။ ကေအဲန်ယူမှ ခုခံဆင်နွှဲလျှက်ရှိသော စစ်ပွဲကြီးတပွဲလုံးအား ရပ်ဆိုင်း လိုက်ခြင်း မှာ နိုင်ငံရေးအရများစွာ အဓိပ္ပါယ်သက်ရောက်သွား၍ဖြစ်သည်။

ကေအဲန်ယူ၏ လက်ရှိ အမြင့်ဆုံးအမှုဆောင်ကော်မတီသည် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ရန် အတွက် အခြေ အနေသင့်လာပြီဟု ၄င်းတို့အနေဖြင့် ဆုံးဖြတ်လျှင် အပစ်အခတ်ရပ်စဲရေးလုပ်ရန်ဝန်လေးကြ မည်မဟုတ်ပါ။ သို့ရာတွင် စစ်အစိုးရက မြောက်ပိုင်း၌ ကချင် (ကေအိုင်အို) ကို စစ်ပွဲများတိုးမြှင့် ဆင်နွှဲလျှက် ရှိနေသည်။ ၁၉၉၃-၉၄ အတွေ့အကြံုအရ မြောက်ပိုင်းရှိ ကေအိုင်အို ကို ဖဲ့ထုတ်စည်းရုံးကာ သေနတ်များ ရပ်သွားအောင်လုပ်ပြီး တောင်ပိုင်းရှိ ကေအဲန်ယူ၏ ဌာနချုပ် မာနယ်ပလောကို စစ်ဆင်သိမ်းပိုက် သည့် အတွေ့အကြံုရှိခဲ့ဘူးပြီ။ ယခုလည်း ကေအဲန်ယူ၏ သေနတ်များကို ရပ်သွားအောင် လုပ်ပြီး ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အစိုးရ၌ မဟာဗျူဟာ ရှိကောင်း ရှိနို်င် သည်။ လိုင်ဇာကိုု အပြတ်ရှင်းပြီးလျှင် ကေအဲန်ယူက အပစ်အခတ်ရပ်ခြင်သည်ဖြစ်စေ၊ မရပ်ခြင်သည်ဖြစ်စေ စစ်အစိုးရ၏ တပ်များက အကြောင်းအမျိုးမျိုးပြကာ ကေအဲန်ယူကို ပြန်လည် စစ်ဆင်တိုက်ခိုက် လာ နိုင်သည်။

တပြည်လုံး အပစ်အခတ်ရပ်စဲရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနီးပါးက ၀ိုင်းဝန်း တောင်းဆို နေကြသော်လည်း ကေအိုင်အိုကို အပစ်မရပ်သေး။ နောက်ပိုင်းတွင် အပစ်ရပ်ထားခဲ့သည့် အက်စ်အကစ်ပီပီ ရှမ်းတပ် ဖွဲ့များနှင့် ဆက်လက်တိုက်ပွဲများ ဖြစ်ပွားနေပြန်သည်။ သို့ဖြစ်၍ ကေအဲန်ယူနှင့် အပစ်အခတ်ရပ်ရန် လာရောက်ကမ်း လှမ်းနေမှုကို ဆွေးနွေးပွဲများ အကြိမ်ကြိမ်လုပ်၍ အချိန်ဆွဲထားပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်နိုင်သည်အထိ တွန်းတင်ပေးသွားရန် ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်း ဆောင်ငါးဦး နှင့် အလုပ်အမှုဆောင်ကော်မတီဝင် အများစုက နိုင်ငံရေး အရ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကောင်း စဉ်းစားနေနိုင်သည်။ စာရေးသူအတပ် မပြောနိုင်ပါ။

အပစ်အခတ် ရပ်စဲရေးဟူသည်မှာ စစ်ရေးနှင့်သာ သက်ဆိုင်သည်ဟူ၍ သဘောရိုးဖြင့် မှတ်ယူကာ စစ်ဦးစီး ချုပ်အ နေဖြင့် ရိုးရိုးသားသား လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ အလုပ်အမှုဆောင် ကော်မတီမှ ချမှတ်ပေးလိုက် သည့် အချက် (၁၁) လုံးရရှိပြီးလည်းဖြစ်သည့်အပြင် မိမိကိုယ်တိုင်သည်လည်း စစ်ဦးစီးချုပ် ဖြစ်နေသဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး၍ ရနိုင်ကောင်းသည်ဟု သဘောရိုးနှင့်ယုံကြည်ကာ လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ ယင်းသို့ဖြစ်လျှင် အဖွဲ့အစည်း၏ အမြင့်ဆုံးခေါင်းဆောင်ငါးဦး နှင့် ကျန်အလုပ်အမှုဆောင် အဖွဲ့ဝင်များ ကြေနပ် လက်ခံသည်အထိ ရှင်းပြဘို့လိုပါမည်။ ရှင်းပြပြီးလည်း ဖြစ်နိုင်ပါသည်။ နောက်ပိုုင်း ဆွေးနွေးပွဲများသို့ ကေအဲန်ယူ အထွေထွေအတွင်းရေးမှုးကိုယ်တိုင် တက်ရောက်သည်ကို တွေ့မြင်နေရ၍ဖြစ်သည်။

အဓိကမှာ နိုင်ငံရေးရည်မှန်းချက်အတွက် လက်နက်ကိုင်ကြခြင်းဖြစ်သော်လည်း လက်နက်ကိုင်တပ်သက် သက်က နိုင်ငံရေးကို လွှမ်းမိုးခြင်းမဖြစ်သင့်ပါ။ တပ်ကို ကိုင်ထားနိုင်သူက နိုင်ငံရေးကို ဆုံးဖြတ်သွားမည်၊ သေနတ်နောက်ကို နိုင်ငံရေးက လိုက်ရမည် ဟူသော အစဉ်အလာမျိုးတော်လှန်ရေးအဖွဲ့အစည်းများအတွင်း မရှိသင့်ပါ။

လူထုနိုင်ငံရေးက သေနတ်ကို ကြီးကြပ်ရပါမည်။ သေနတ်က လူထုနိုင်ငံရေးကို အမိန့်ပေးတာမျိုးမဖြစ် သင့်ပါ။ ကေအင်ယူ၏ လေးနှစ်တကြိမ် ညီလာခံမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော အမြင့်ဆုံးခေါင်းဆောင် ငါးဦးသည် လူထု နိုင်ငံရေးကို ကိုယ်စားပြုသည်ဟု စာရေးသူနားလည်ပါသည်။ ကေအဲန်ယူ စစ်ဦးစီးချုပ် သည် သေနတ်ကို ကိုယ်စားပြု သည်ဟု မြင်ပါသည်။ တော်လှန်ရေးတွင် သူ့နေရာနှင့်သူ အရေးပါကြသော် လည်း အဆင့်ဆင့် ဦးဆောင်မှုနှင့် တာဝန် ပိုင်းအရ ခွဲခြားထမ်းဆောင်မှုကို လက်တွေ့ လိုက်နာကျင့်သုံးခြင်း မပြုနိုင်လျှင် ပြသနာ ကြံုရတတ်ပါသည်။

သို့ရာတွင် ကေအဲန်ယူ စစ်ဦးစီးချုပ်သည် လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့်ထမ်းဆောင်ပါလျှက် အားနည်းချက် များ ပေါ်ပေါက််ခဲ့သည်ဟု သုံးသပ်လျှင် အလုပ်အမှုဆောင်ကော်မတီသည်လည်းကောင်း၊ ဗဟိုကော်မတီသည် လည်းကောင်း စစ်ဦးစီးချုပ် အပေါ် ပြင်းပြင်းထန်ထန် အရေးယူထားသည့်ကိစ္စကို လျှော့ပေါ့စဉ်းစားလိမ့်မည်ဟု မြှော်လင့်ရပါသည်။

ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ရိုးသားစွာ ကြေငြာကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် တပြိုင်တည်းတွေ့ဆုံဆွေး နွေးခြင်းမရှိပါ။ တပ် ကို ကိုင်ထားသည့်စစ်ဦးစီးချုပ်ကို ဖဲ့ထုတ်စည်းရုံးရန် ကြိုးစားမှုများလည်း ရှိနိုင်ပါသည်။ အကျိုးဆက်အနေဖြင့် ကေအဲန်ယူကို ဦးဆောင်နေသည့် အလုပ်အမှုဆောင်ကော်မတီသည် ချိန်ညှိစဉ်းစားရ မည့် နိုင်ငံရေး၊ စစ်ရေးကိစ္စများ များပြားလွန်းနေသည့်အချိန်တွင် မလိုလားအပ်သော ပြသနာများပေါ်ပေါက် ခြင်းဟု ပြောနိုင်ပါသည်။

ကေအဲန်ယူသည် ဤအချိုးအကွေ့ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လျှင်၊ ကေအဲန်ယူအတွင်းရှိ ခေါင်းဆောင် များ နှင့် တပ်မှုးတပ်သားများအားလုံးသည် ကရင်အမျိုးသားထုတရပ်လုံုး၏ အလံဖြစ်သော ကေအဲန်ယူအလံ ကို လက်မှ မလွှတ်စတမ်း တညီတညာ ဆက်လက်ဆုတ်ကိုင်မြှင့်တင်ထားနိုင်လျှင် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူများစွာ ဖြစ်မည်ဟု ယုံကြည်ပါသည်။

အပိုင်း(၃) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် အောက်တိုဘာလ (၉) ရက်