ရာသက်ပန် ပြည်သူ့ဘက်သား ဗိုလ်ကျော်ဇော အပေါ် ဗကပ၏ အကဲဖြတ်ချက်

ရာသက်ပန် ပြည်သူ့ဘက်သား ဗိုလ်ကျော်ဇော အပေါ် ဗကပ၏ အကဲဖြတ်ချက်
by -
မဇ္ဈိမ

ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိကို ပြည်တွင်း စာပေတိုက်တခုကနေ ထုတ်ဝေ ဖြန့်ချိနိုင်တော့မယ့်ဆဲဆဲ၊ မြန်မာ့ သမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဆေးရုံကြီးမှာ အောက်တိုဘာလ ၁ဝ ရက်နေ့ မနက် ၃ နာရီခွဲအချိန်က ကွယ်လွန်သွားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော

၁၃ဝဝ ပြည့် အရေးတော်ပုံမျိုးဆက် လက်ကျန်တဦးလည်းဖြစ် မြန်မာ့တပ်မတော်ရဲ့ အမြုတေ ရဲဘော်သုံး ကျိပ်ဝင်တွေအနက် နောက်ဆုံး ကျန်ရှိနေတဲ့ နှစ်ဦးထဲက တဦး၊ သဘာဝမိခင် ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားခဲ့ပါပြီ။

အသက် ၉၃ နှစ်တာကာလအတွင်း တိုင်းပြည်အတွက် သူယုံကြည်တဲ့အတိုင်း အသက်ရှင်သွားခဲ့တဲ့ ဗိုလ်ကျော်ဇော (ခေါ်) ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မှာ လွတ်လပ်ရေးခေတ်ကစလို့ ကွယ်လွန်သည့်တိုင် အုပ်ချုပ်သူ အဆက်ဆက်ရဲ့ ရန်ငြိုးထားခြင်း ခံခဲ့ရတဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးလည်း ဖြစ်ခဲ့ပါတယ်။

ရဲဘော်ဦးတင် (သို့မဟုတ်) ဗိုလ်ကျော်ဇော ကွယ်လွန်ခြင်းအပေါ် ဗကပ ရဲ့ ထုတ်ပြန်ကြေညာချက်မှာ “သူ့လို တိုင်းပြည်က ချစ်သူ ‘ပြည်ချစ်ပုဂ္ဂိုလ်-တိုင်းပြည် ငြိမ်းချမ်းစေလိုသူ’လို့ သတ်မှတ်ခံထားရသူတယောက် သူ့နိုင်ငံတွင်း မှာပဲ ခေါင်းချသင့်ပါသည်။ ကွယ်လွန်သွားတော့လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်း တမံ လုပ်ခဲ့သူတဦးအနေနှင့် သူ့အရိုးပြာဟာ ရွှေတိဂုံခြေရင်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူဘေးမှာ ရှိနေသင့်ပါသည်” ဟု ရေးသားထားပါတယ်။

ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲနဲ့ ဖက်ဆစ်တော်လှန်ရေးတွေမှာ ထင်ရှားတဲ့ တပ်မှူးတဦး
ဖြစ်ခဲ့ပြီး ၁၉၅ဝ ခုနှစ်တွေတုန်းက ရှမ်းပြည်နယ်ကို ကျူးကျော်လာတဲ့ ကူမင်တန် တရုတ်ဖြူတွေကို တိုက်ထုတ် ရာမှာ ထင်ရှားခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ဘယ်လို အကဲဖြတ် တန်ဖိုးထားတယ်ဆိုတာ သိရှိနိုင်ဖို့အတွက် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနဲ့ မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။
-------

ပါတီအခမ်းအနားနဲ့ စျာပနကျင်းပဖို့ ရှိပါသလားခင်ဗျ။

အဲလိုတော့ မရှိပါဘူး။ ကျနော်တို့ နေရထိုင်ရတာကလည်း လွတ်လွတ်လပ်လပ် မဟုတ်တော့ အဲလိုမျိုး မလုပ်နိုင်ပါ ဘူး။ အဲဒီကိစ္စတွေကို သူ့မိသားစုကိုပဲ အကုန်လွှဲထားပါတယ်။ မိသားစု အတွင်းကိစ္စ ဖြေရှင်းလုပ်ကိုင်တာမျိုး လိုလား ပါတယ်။ မိသားစု ဘယ်လိုဆုံးဖြတ်လဲဆိုတာ မသိရသေးပါဘူး။

ဗိုလ်မှူးချုပ် မကွယ်လွန်မီအထိ ဗကပ မှာ ဘယ်လိုတာဝန်တွေ ထမ်းဆောင်သွားခဲ့ပါသလဲ။

ပါတီရဲ့ ဒုတိယအကြိမ် ကွန်ဂရက် (၁၉၄၅)နဲ့ တတိယအကြိမ် ကွန်ဂရက် (၁၉၈၅)ရဲ့ ဗဟိုကော်မတီပါ။ သူ့လို ကွန်ဂရက်နှစ်ခုရဲ့ ဗဟိုကော်မတီဖြစ်တဲ့လူ ပါတီသမိုင်းမှာ ရှားပါတယ်။ နောက်ဆုံး ကျနော်တို့ပါတီက မြေအောက်ပုံ သဏ္ဍာန်နဲ့ လှုပ်ရှားတော့မယ် ဆိုတော့ သူတို့ (လူကြီးတွေ) အနေနဲ့မြေအောက်လှုပ်ရှားလို့ မသင့်တော်တာနဲ့ အနားယူဖို့ တိုက်တွန်းခဲ့တာပါ။ သူတို့ကို ကျနော်တို့က နာယကနေရာမှာထားပြီး ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် သူတို့ဆီက အကြံဉာဏ်တွေ တောင်းပြီး လုပ်ကြရတာပါ။

သူ့စေတနာကတော့ တပ်မတော်ကိုအာဏာရှင် တစုရဲ့ ခါးပိုက်ဆောင် တပ်မတော် ဘဝအဖြစ် ကနေ ပြည်သူလူထုရဲ့ တပ်မတော်အဖြစ်ပြောင်းလဲစေချင်တာပါပဲ။ဒီနေ့ တပ်မတော်ကို ချုပ်ကိုင်ထားတဲ့သူတွေက အရင်တုန်းက ပုံစံ အတိုင်းပဲ တလက်ကိုင် ခါးပိုက်ဆောင်တပ်လို ထားပြီးတော့ တခုခုဖြစ်ရင် အာဏာသိမ်းဖို့ အတွက် ပြင်ဆင်ထားတဲ့ တပ်ကြီးအဖြစ် ရပ်တည်နေပါတယ်။

ဗိုလ်ချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိမှာ ဗကပ ဟာ သူ့ရဲ့ မိခင်ပါတီလို့ ရေးထားပါတယ်။

ဟုတ်ပါတယ်ခင်ဗျ။ ဗိုလ်ချုပ်ကျော်ဇောဟာ သူ နိုင်ငံရေးလုပ်တဲ့အထဲမှာ ဒို့ဗမာ အစည်းအရုံးနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ၊ ဒီနှစ်ခုတည်းပဲ ပါတာပါ။ ကျနော်တို့ကလည်း သူ့ကို ပါတီရဲ့ ဘယ်လိုမှ ဖျက်ပစ်လို့မရနိုင်တဲ့ သမိုင်းဝင် ခေါင်းဆောင်တယောက်လို့ သဘောထားပါတယ်။ သူကလည်း အဲလိုပဲ ပါတီကို မိခင်ပါတီလို့ သဘောထားတာ၊ ဒါ သဘာဝကျပါတယ်။

ဗိုလ်မှူးချုပ် ကွယ်လွန်ခြင်းဟာ တိုင်းပြည်နဲ့ တပ်မတော်အတွက် ဘယ်လောက်ထိ နစ်နာဆုံးရှုံးမှု ဖြစ်သွား စေနိုင်မလဲခင်ဗျ။

တပ်မတော်တရပ်ပဲဖြစ်ဖြစ်၊ အဲဒီတိုင်းပြည် ဂုဏ်ပြောင်တဲ့ဟာတွေမှာ တခြားအကြောင်းတွေ အများကြီးရှိသလို သမိုင်းစဉ်မှာ အဲဒီတိုင်းပြည် လွတ်လပ်ရေးအတွက်၊ တည်တံ့ရေးအတွက် ပါဝင်လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေရဲ့ တည်ရှိမှု၊ ပေါ်ပေါက်ခဲ့မှုဟာလည်း အဲဒီတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မြင့်တက်စေပါတယ်။ အဲလို မြင့်တက်စေ ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ချုပ်ကျော်ဇော တို့လိုလူတွေရဲ့ အခန်းဟာ ပယ်ဖျက်လို့ မရပါဘူး။

ဗိုလ်ချုပ်ကျော်ဇောကျတော့ သူများနဲ့မတူတာက သူ့တသက်လုံး၊ သူများတွေထက် အများကြီးရှည်တဲ့ အသက်၊ အနှစ် ၉ဝ ကျော် ရှိတဲ့အသက်၊ အဲဒီသက်တမ်းတလျှောက်မှာ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် လုပ်ခဲ့တာပါ။ အခန်းကြီး ပေါင်းများစွာကနေ ပါဝင်ကပြခဲ့တာက ကျနော်တို့တိုင်းပြည်ကြီး ဂုဏ်ပြောင်ဖို့ အတွက်၊ ကြီးမြတ်ဖို့အတွက် သူ လုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ကျနော်တို့က သူ့ကိုလည်း ဂုဏ်ပြောင်တဲ့၊ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် သဘောထားပါတယ်။

ဂျပန်၊ တရုတ်ဖြူ ဆန့်ကျင်ရေး၊ အဲဒီနောက် သူ့ကို တပ်ကနေ ဖီဆန်မှုနဲ့ ထုတ်ပစ်တဲ့ နောက်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်တယ်။ ဗိုလ်နေဝင်း အာဏာသိမ်းတဲ့နောက်မှာကျတော့ လှုပ်ရှားလို့မရတဲ့အခါမှာ လက်နက်ကိုင် တော်လှန်ရေးကို ပစ်ဝင်လာခဲ့တဲ့ ပုဂ္ဂိုလ်ပါ။

တပ်မတော်သို့ ပန်ကြားချက်တွေလည်း လိုအပ်သလို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီပန်ကြားချက်တွေရဲ့ အနှစ်ချုပ် ဆိုလိုရင်းနဲ့၊ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ တပ်မတော်အပေါ်မှာ ထားခဲ့တဲ့ စေတနာဟာ ဘာဖြစ်ခဲ့တယ်လို့ ပြောနိုင် မလဲ။

သူ့လိုပုဂ္ဂိုလ် အလုပ်များများ မလုပ်နိုင်တော့ဦး တောင်မှ တိုင်းပြည် အတွက် အင်မတန်မှ ကျက်သရေ ရှိပါတယ်။ ဗမာ့တပ်မတော် ဂုဏ်ပြောင်အောင် တရုတ်ဖြူကို နှိပ်နင်းရာမှာ ပါခဲ့တယ်။ သူထူထောင်တဲ့တပ်ကို သူပြန်တိုက် ရတဲ့ဘဝကို ပြန်ဖြစ်ခဲ့ရတယ်။ အကုန်လုံး ထင်ဟပ်နေပါတယ်။

သူ့စေတနာကတော့ တပ်မတော်ကို အာဏာရှင် တစုရဲ့ ခါးပိုက်ဆောင်တပ်မတော် ဘဝအဖြစ်ကနေ ပြည်သူလူထုရဲ့ တပ်မတော်အဖြစ် ပြောင်းလဲစေချင်တာပါပဲ။ အဲဒီအတွက် သူ ပြောခဲ့ဆိုခဲ့တယ်။ ဒါပေမယ့် သူသာ ကွယ်လွန်သွားရော အဲဒီဟာက မအောင်မြင်သေးဘူးလို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ တပ်မတော်ကို ချုပ်ကိုင်ထားတဲ့ သူတွေက အရင်တုန်းက ပုံစံအတိုင်းပဲ တလက်ကိုင် ခါးပိုက်ဆောင်တပ်လို ထားပြီးတော့ တခုခုဖြစ်ရင် အာဏာသိမ်း ဖို့အတွက် ပြင်ဆင်ထားတဲ့ တပ်ကြီးအဖြစ် ရပ်တည်နေပါတယ်။

ဗိုလ်မှူးချုပ် ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုပါသေးလဲ။

သူ့လိုပုဂ္ဂိုလ် အလုပ်များများ မလုပ်နိုင်တော့ဦးတောင်မှ တိုင်းပြည်အတွက် အင်မတန်မှ ကျက်သရေရှိပါတယ်။ သူ့လိုသမိုင်း အခန်းကဏ္ဍရှိတဲ့ ပုဂ္ဂိုလ်များများစားစား မရှိပါဘူး။ ဘဝတလျှောက်မှာ ကဏ္ဍတခု၊ ကာလတခု လုပ်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် သူ့လို သက်တဆုံး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ မများလှပါဘူး။ ဗမာ့တပ်မတော် ဂုဏ်ပြောင်အောင် တရုတ်ဖြူကို နှိပ်နင်းရာမှာ ပါခဲ့တယ်။ သူထူထောင်တဲ့တပ်ကို သူပြန်တိုက်ရတဲ့ဘဝကို ပြန်ဖြစ်ခဲ့ ရတယ်။ အကုန်လုံး ထင်ဟပ်နေပါတယ်။

သူကွယ်လွန်သွားပေမယ့် သူလုပ်ခဲ့တဲ့ အစဉ်အလာ၊ ဖက်ဆစ်ကို ဆန့်ကျင်တဲ့၊ နယ်ချဲ့ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်၊ လွတ်လပ်ရေးအတွက် အသက်ကိုပေးပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ဓာတ်၊ ဗမာပြည်ကြီး စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုံးပမ်းမယ်ဆိုတဲ့ စိတ်ဓာတ်၊ ဗမာပြည်ကနေ စစ်အာဏာ ရှင်စနစ်ကို ဖယ်ရှားမယ်ဆိုတဲ့ စိတ်ဓာတ် အဲဒါတွေကို ဆက်လက်တည်ရှိအောင် ကျနော်တို့ လုပ်ကြရ မယ်။ သူမရှိတော့ပေမယ့် သူ့စိတ်ဓာတ်တွေ ကို ဆက်လက်ရှင်သန်အောင်လုပ်ပြီး သယ်ဆောင်သွားရမယ်လို့ ပြောချင်ပါတယ်။