နော်ခမ်းနေရာ၌ လက်ကျန်တပည့်များ အစားထိုးလှုပ်ရှားနေ

နော်ခမ်းနေရာ၌ လက်ကျန်တပည့်များ အစားထိုးလှုပ်ရှားနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ဘက်ခြမ်း ရွှေတြိဂံဒေအတွင်း မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်းတစုက  လက်နက်ကိုင်လှုပ်ရှားနေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

စိုင်းနော်ခမ်း
“စိုင်းနော်ခမ်းရဲ့ တပည့်တွေဘဲ၊ အခု ကျနော်တို့ ကြားသိရတာ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ တဖွဲ့စီက လူအင်အား ၁၀ ယောက်လောက်ပါဘဲ။ သူတို့လဲ ပြောက်ကျားဝတ်စုံ ဝတ်ထားတယ်” - ဟု မိုင်းဖုန်းကျေးရွာအုပ်စု ဒေသခံ စိုင်းယီနွဲ့ကပြောပါသည်။

စက်တင်ဘာလဆန်းပိုင်းမှစ၍ ယနေ့အထိ စိုင်းနော်ခမ်း၏ တပည့်တချို့  လက်နက်ကိုင်ကာ တာချီလိတ် ခရိုင် မိုင်းဖုန်း၊ ဝမ့်ဆမ်ဖူး ကျေးရွာအုပ်စုအတွင်းသွားလာလှုပ်ရှားနေကြောင်း၊ စိုင်းအောင်မြတ်နှင့်အတူ အစိုးရထံ လက်နက်ချ သွား သည့်  သူများအား ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားနေကြောင်း စိုင်းအောင်မြတ် နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

“ ဒီတဖွဲ့  စနေ တနင်္ဂနွေနေ့တုန်းက ပါဆာ ကျေးရွာ အသွားလမ်းမှာ လာစောင့်နေတယ်။ ၈ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဗမာတပ်နဲ့ ပစ်ကြသေးတယ်။ သိပ်တော့မကြာပါဘူး။ အသေအကျစာရင်းလဲမသိဘူး” - ဟု အမည်ဖေါ်လိုသည့် မျက်မြင်တဦးက ပြောပါသည်။

စိုင်းနော်ခမ်း ၏ တပည့်များဟု ယူဆရသည့် အဆိုပါလက်နက်ကိုင်ထားသော သူများမှာ စိုင်းဆု၊ စိုင်းအွန်၊ စိုင်းတွီ၊ စိုင်းရွက်၊ စိုင်းဆေ၊ စိုင်းတွန်း၊ စိုင်းပန် ခေါ်  ဗိုလ်မြတို့ဖြစ်ကြကြောင်း၊ အဆိုပါပုဂ္ဂိုလ်များသည် အများအားဖြင့် တခြားတဘက်ကမ်း၌ နေထိုင်သူများလည်းဖြစ်ကြောင်း နီးစပ်သူတဦးကပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ အဆိုပါလက်နက်ကိုင်လူအုပ်စုသည် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် RCSS/SSA ၏ စစ်ဝတ်စုံ နှင့်ဆင်တူကြောင်း၊ တံဆိပ်မှာမူ ဖြုတ်နိုင် တပ်နိုင်ကြောင်း ကြားသိရပါသည်။

မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းသည် ထိုင်း၊ လောဝ်၊ မြန်မာ နှင့် တရုတ်တို့က အလိုရှိနေသောသူဖြစ်၏။ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးသတ်ခံရမှုနှင့်ပတ်သက်ပြီး ဧပြီ ၂၅ ရက်နေ့က လောဝ်(လာအို) အစိုးရက ဖမ်းဆီးလိုက်၏။ မေ  ၅ ရက်နေ့၌ တရုတ်အစိုးရထံ လွှဲအပ်ခဲ့၏။ စက်တင်္ဘာ ၂၀-၂၁  ကူမင်း (ခွန်းမင်) တရားရုံး၌ ၂ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး အထူးခုံရုံးဖြင့်စီရင်ချက်ချမှတ်ရန်စစ်ဆေးသုံး သပ်လျက်ရှိပါသည်။