ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် အစီအစဉ်မရှိကြောင်း နော်ဝေးနိုင်ငံမှ မြန်မာ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့(Myanmar Peace Support Initiative-MPSI) ခေါင်းဆောင် Mr. Charles Petrie က တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
“ဒုက္ခသည် refugees တွေကို နေရပ်ပြန်ပို့ဖို့ အစီအစဉ် မရှိပါဘူး။ ဒီလိုလုပ်ဖို့ အခွင့်အာဏာ (mandate) လည်း ကျနော်တို့မှာ မရှိဘူး။ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ဆိုရင် နိုင်ငံတကာက သဘောတူညီချက်ကို ဦးစွာ ရယူရမှာ ဖြစ်ပါတယ်။”
Norwegian Refugees Council က MPSI မှ မေတ္တာရပ်ခံချက်ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန် မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် သျှမ်းဒုက္ခသည်စခန်းသို့ သွားရောက်ကာ မိုင်းထားသို့ ပြန်ပို့ မည့်ကိစ္စနှင့် ပတ်သက်၍ တအိမ်တက် တအိမ်ဆင်း စစ်တမ်းကောက်ယူရန် စီစဉ်ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဒုက္ခသည်များက သျှမ်းပြည်တွင်း အမှန်တကယ် မငြိမ်းချမ်းသေးသည့်အတွက် မပြန်လိုကြောင်း သျှမ်းလူမှုအဖွဲ့အစည်းများက ဩဂတ်စ် ၂၇ ရက်နေ့၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ကာ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
“အခြေအနေအားလုံးအပေါ် သုံးသပ်လိုက်မယ်ဆိုရင် ဒုက္ခသည် (refugees) တွေကို ပြန်ပို့ဖို့ စောနေပါ သေးတယ်။ အခု လောလောဆယ် ကျနော်တို့မှာ ပြည်တွင်းဒုက္ခသည်(IDPs)တွေအတွက် pilot project ဘဲ ရှိပါတယ်” ဟု Mr. Charles Petrie က ဆက်ပြောပါသည်။
အကယ်၍ သျှမ်းပြည်တွင်းဒုက္ခသည်များက နေရပ်ပြန်လိုပါက ကရင်ပြည်တွင်းဒုက္ခသည်များအတွက် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့၌ စံပြကျေးရွာ တည်ဆောက်ပေးသကဲ့သို့ ပြုလုပ်ပေး မည်ဖြစ်ကြောင်း ပြောပါသည်။
Mr. Charles Petrie က ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်နှင့် လွန်ခဲ့သည့် ၃ ပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နယ်စပ်ရှိ ပြည်တွင်းဒုက္ခသည်များကို ပြောင်းရွှေ့ပို့ဆောင်ရေးအတွက် ဆန္ဒကောက်ယူမှု ပြုလုပ်မည်ဟု သဘောတူညီချက် ရရှိခဲ့ကြောင်း ဆို၏။
“MPSI က ဘယ်သူ့ကိုမှ အတင်း အဓမ္မ နေရပ်ပြန်ပို့မှာ မဟုတ်သလို ဘယ်အဖွဲ့ကိုမှလည်း အတင်း အဓမ္မ ငြိမ်းချမ်းရေး လက်မှတ်ထိုးခိုင်းမှာ မဟုတ်ပါဘူး။ စစ်တိုက်တာဟာ ခက်ခဲတယ်ဆိုပေမဲ့ ငြိမ်းချမ်းရေး လုပ် တာဟာ စစ်တိုက်တာထက် တခါတခါ ပိုခက်တယ်။ ငြိမ်းချမ်းရေးလုပ်ရင် မယုံသင်္ကာမှုတွေ၊ တင်းမာမှုတွေ ထွက်ပေါ်လာတတ်တယ်။ ဒါကြောင့် ဘယ်အဖွဲ့မဆို အချိန်ယူပြီး ငြိမ်းချမ်းရေး ရှာရမယ်” ဟု ၎င်းက ဆက် ပြောပါသည်။
အသွင်ပြောင်း မြန်မာအစိုးရနှင့် နော်ဝေးအစိုးရတို့သည် ကန့်လန့်ကာနောက်၌ ပူးပေါင်းလုပ်ဆောင် နေကြ သည်ဟု လူမှုအဖွဲ့အစည်းများက ထင်မြင်နေကြကြောင်း သတင်းများ ထွက်ပေါ်နေသည့်အချိန်တွင် ဤကဲ့ သို့ ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။