ကော့ကရိတ်မြို့နယ်တွင် ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ကော့ကရိတ်မြို့နယ်တွင် ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
by -
ကေအိုင်စီ

ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လောင်းကိုင်ကျေးရွာ၌  ငြိမ်းဖောင်ဒေးရှင်းမှ ယမန်နေ့ကစပြီး ၅ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

ငြိမ်းဖောင်ဒေးရှင်းအဖွဲ့မှ သင်ကြားပေးသည့် ယင်းသင်တန်းတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် ဘာသာရေး ခေါင်းဆောင်များ စုစုပေါင်း ၃၀ ကျော်တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်တန်းဖြစ်မြောက်ရေးတွင် ပါ၀င်သူ မန်းသိန်းဇော်က ပြောသည်။

မန်းသိန်းဇော်က “ကျနော်တို့နယ်မြေဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းမှာ ပါ၀င်နေတဲ့ ပုဂ္ဂိုလ်တွေအား လုံး တညီတညွှတ်နဲ့ ငြိမ်းချမ်းမှုကိုယူပြီးတော့ ဒီသင်တန်းကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ နောက် ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

သင်တန်းမှ ဆွေးနွေးသင်ကြားခဲ့မှုများကို အမှီပြုကာ ကော့ကရိတ်ဒေသရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာများအတွင်း ဖြစ်ပွားသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘာသာရေး စသဖြင့် ပဋိပက္ခဟူသမျှကို ဖြေရှင်းနိုင်ရန် တတ်စွမ်းသမျှ အကောင်အထည်ဖော်သွားမည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

၎င်းသင်တန်းတက်ရောက်သည့် ရွာသူရွာသားများမှာ ကော့ကရိတ်မြို့အပါအဝင် ကော့ကရိတ်မြို့နယ်အတွင်းရှိ  လောင်းကိုင်ရွာမှ ရပ်ကွက် (၅)ခု၊ ဖားကျ၊ သမိန်ဒွတ်၊ ၀င်းက၊ ထီးဖိုးသာနှင့် အခြားရွာ ၃ ရွာတို့မှ ဖြစ်သည်။

သင်တန်းတက်ရောက်သူ သမိန်ဒွတ်ကျောင်းမှ ဆရာတော် ဦးနန္ဒောဘာသက “အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ ဖြစ်တတ်တယ်ဆိုသလို ဖြစ်လာလို့ ဖြေရှင်းလို့ မရ၊ မတတ်ဘူးဆိုရင် ပြိုကွဲသွားရတဲ့အထိ ဆိုးကျိုးတွေ အများကြီးဖြစ်လာမယ်။ ပြောချင်တာက ဒီသင်တန်းက တစုံတရာ အကျိုးရှိမယ်လို့ မျှော်လင့်တယ်”ဟု ပြောသည်။

ထို့အပြင် သင်တန်းတက်ရောက်သူများကို ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ဇော်လွန်မ်(Zau Lum) ဦးဆောင်သော အဖွဲ့ဝင် ၃ဦးအပြင် ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF တို့မှ တာဝန်ရှိပုဂ္ဂိုလ်အချို့လည်း ပါ၀င်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း ငြိမ်းဖောင်ဒေးရှင်းအနေဖြင့် ဖားပြရွာ ဘုန်းကြီးကျောင်းတွင် ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ရက်တို သင်တန်းတစ်ခု ပြုလုပ်ခဲ့သေးသည်။