အမေရိကန်ခရီးစဉ်၌ တိုင်းရင်းသားများအပေါ် ဇောင်းပေးပြောဆိုသော ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောင်းမြင် အသိ အမှတ်ပြုပြီး သမ္မတကြီးဦးသိန်းစိန်အားလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တန်းတူရေးကိုဦးစားပေးလုပ်ဆောင် သင့် ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က သတိပေးပြောကြားလိုက်သည်။
“ ဒေါ်စုပြောတဲ့မိန့်ခွန်းတော်တော်များများမှာ ဗမာလူမျိုးကိုယ်နှိုက်က လူမျိုးကြီးဖြစ်ပေမယ့်လို့ တိုင်းရင်းသား တွေ အပေါ် မှာ စာနာနားလည်မှု တိုင်းရင်းသားဒေသတွေရဲ့ ပညာရေး စီးပွားရေး နိမ့်ပါး မှုဟာ ဗမာပြည် ထက်ပိုပြီး ဆင်းရဲတွင်းနက်တယ်။ ပိုပြီးတော့ အတိဒုက္ခရောက်တယ်ဆိုတာ သူအထပ်ထပ်အခါခါ ပြောတယ်။ ဆိုတော့တိုင်းရင်းသားအပေါ် သူ တော်တော် ဇောင်းပေးပြီးပြောသွားတယ်။ လောလောဆယ်လုပ် ပိုင်ခွင့်မရှိသေးတဲ့အခြေနေဆိုတော့ ကျနော်တို့တော့ အကောင်းမြင် ပါတယ်။ သူ့ရဲ့စေတနာ ထားမှု အပေါ် တိုင်းရင်းသားတွေအပေါ်နားလည်ပေးမှုအပေါ် ကျနော်တို့အသိ အမှတ်ပြုတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ် အချိန်မှာ ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်မျှော်လင့် ရမှာပေါ့နော်” ဟု SNLD ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောပါသည်။
သမ္မတကြီး ဦးသိန်းစိန်မှာမူ တိုင်းရင်းသားကိစ္စကို အထူးတလည်ပြော ဆိုခြင်းမရှိ။ သို့သော် ငြိမ်းချမ်းရေး အားကြိုးစားလုပ် ဆောင်သွားမည်ဖြစ်ကြောင်း KIO အဖွဲ့အစည်းနှင့်လည်း ငြိမ်းချမ်းရေးကိစ္စ အောင်မြင် အောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သမ္မတကြီး၏ အမေရိကန်နိုင်ငံခရီးစဉ် အပြန်ခရီးတွင်အမေရိကန် အစိုးရက စီးပွါးရေးပိတ်ဆို့မှု အချို့ ရုပ်သိမ်း လိုက်သဖြင့် သမ္မတကြီးတွက် မျက်နှာပန်းလှခဲ့ သော်လည်း ရှေ့ဆက်တွင်မူ တိုင်းရင်းသားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်ကို မဆန်းစစ်ဘဲ ရှေ့ဆက်သွား မည်ဆိုပါက နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်ရော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်ပါ မျှော်လင့်ချက် သိပ်မရှိလှကြောင်း - စိုင်းလိတ်ကပြောသည်။
“ ဒါပေမယ့် သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့တကယ့်လိုအပ်ချက်ကဘာလဲ။ အဓိကအားဖြင့် ကျနော်တို့မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံစံမကျမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပေါ်ပေါက်လာရတာ။ ဆိုတော့ သူတို့ရဲ့လိုအပ်ချက်က နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဘဲ။ အပစ်ရပ်ရုံ နဲ့ငြိမ်းချမ်း ရေးတည်ဆောက်ရုံနဲ့ မပြီးဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီရေးကို လက်မခံသေးသရွေ့တော့ ဒီကိစ္စ ပြီးပြေလည်မှာ မဟုတ်ဘူး” ဟု ပြောပါသည်။
နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းနှင့်မဖြေရှင်းလျှင် ထာဝရ ငြိမ်းချမ်းရေးရမည်မဟုတ်ဘဲ ရေရှည်တွင် ပြည်တွင်းစစ်မီး ပြန်လည်ထတောက်မည်မလွဲကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လက်တွေ့အကောင်အထည်ဖေါ်မှာသာလျှင် ထိုပြဿနာများဖြေရှင်းနိုင် မည်ဖြစ်ကြောင်း SNLD က သတိပေးပြောဆို လိုက်ပါသည်။
အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီး အောက် တို ဘာလ ၁ ရက်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်လလယ်ပိုင်းကတည်းက အမေရိကန်နိုင် ငံကိုရောက် ရှိနေခြင်းဖြစ်ပြီး အောက်တိုဘာလ ပထမအပတ်အထိ နေထိုင်မည်ဖြစ်ကြောင်း သတင်းများ၌ဖော်ပြ ထားသည်ကို တွေ့ရပါ သည်။