ဘုန်းကြီးကျောင်းများ တိုက်ခိုက်မူ ဒက္ကားတွင် ကန့်ကွက် ဆန္ဒပြ

ဘုန်းကြီးကျောင်းများ တိုက်ခိုက်မူ ဒက္ကားတွင် ကန့်ကွက် ဆန္ဒပြ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရမူ အပေါ် ဘင်္ဂလားဒေ့ချ် နိုင်ငံသား တက္ကသိုလ် ဆရာ ဆရာမများ၊ ပန်းချီဆရာများ၊ အနုပညာရှင်များ ပါ၀င်သည့် လူပေါင်း ၅၀၀ ခန့် ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့သည်။

ဒက္ကားတွင် ဆန္ဒပြ ကန့်ကွက်နေကြစဉ် ( ဓါတ်ပုံ- နိရဥ္စရာ)
ဒက္ကားမြို့ အမျိုးသား ပြတိုက်ရှေ့တွင် ယမန်နေ့ ညနေ ၄ နာရီက စတင်ပြုလုပ်သော အခမ်းအနားတွင် ပူးပေါင်း ပါ၀င်သူများက ဆိုင်းဘုတ်များကို ကိုင်ဆောင်၍၎င်း၊ အသံချဲ့စက်မှ တဆင့် ခေါင်းဆောင်များက မိန်းခွန်း ပြောကြား၍၎င်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“ အခု လက်ရှိ ကော့စ်ဘဇား ခရိုင်ရာမူးနဲ့ တခြားနေရာတွေမှာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း မီးရှို့ခံခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေလည်း မီးရှို့ လုယက် ဖျက်ဆီးခံရပါတယ်။ ဒါကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ခုလို ပြုလုပ်ရတာပါ”  ဟု ဘရဝါ (မာရမာကြီး) ရဟန်းတော် ဘိက္ခူ ဆူနန္ဒပြီယာက ပြောသည်။

အဆိုပါ ရဟန်းတော်သည် ဆန္ဒပြ အခမ်းအနားတွင် အသံချဲ့စက်မှ တဆင့် ပထမဆုံး မိန်းခွန်းပြောကြားခဲ့သူ  ဖြစ်သည်။

တခြား မိ်န်းခွန်းပြောကြားသူများမှလည်း ယခု တိုက်ခိုက်မူ အပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး တိုက်ခိုက်ခဲ့သူများကို အမြန်ဆုံး ဖေါ်ထုတ် အရေးယူရန်၊ လူနည်းစု ဗုဒ္ဓဘာသာဝင်များကို ကာကွယ်ပေးရန်နှင့် အမြန်ဆုံး ပျက်စီးဆုံးရှံုးသွားသော ကျောင်းတော်များနှင့် လူနေအိမ်များကို ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုခဲ့ကြသည်။

အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးကို မြတ်နိုးသူများ တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာ ၀င် လူနည်းစုများ အပေါ် တိုက်ခိုက်မူကို ရှုတ်ချခဲ့ကြသည်။

ယနေ့ နောက်ဆုံး ရရှိသော သတင်းများအရ ရာမူးမှ ရဲအရာရှိ အေကေ နာဇီဘူရ် အစ္စလာမ် ကိုလည်း တာဝန် ပျက်ကွက်မူကြောင့် ရာထူး တာဝန်မှ ရုတ်သိမ်းလိုက်ကြောင်း သိရသည်။ ဆူပူ အကြမ်းဖက်မူများကို စတင်ပြုလုပ်စဉ် ဗုဒ္ဓဘာသာဝင်များက ရဲအရာရှိထံ အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခုအခါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အများအပြား မီးရှို့ခံရမူနှင့် ပတ်သက်ပြီး ပါ၀င်သူများကို လိုက်လံ ဖမ်းဆီးနေပြီး တစ်ချို့ တိုက်ခိုက်မူတွင် ပါ၀င်သူများမှာ ဘာသာရေးကျောင်းများမှ ဆယ်ကျော်သက် အရွယ် လူငယ်များ ဖြစ်ကြသည်ဟု ဆိုသည်။

တိုက်ခိုက်မူများမှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သော်လည်း လူနည်းစု ဗုဒ္ဓဘာသာဝင်များမှာ ဆက်လက် တိုက်ခိုက် ခံရမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သည်ဟု သိရသည်။

အချိန်တို အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းထိ ဖျက်ဆီး မီးရှို့ခံရမူနှင့် ပတ်သက်ပြီး ဒက္ကားမြို့တော်တွင် ဆွေးနွေးပွဲများ၊ ဆန္ဒပြမူများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ၎င်း လုပ်ရပ် အပေါ် ပြစ်တင် ဝေဖန်မူများ တိုးပွွားနေသည်။  တချို့ တိုက်ခိုက်မူများသည် မယုံကြည်စရာ ကောင်းလောက်အောင်  လျင်မြန်နေပြီး တိုက်ခိုက်သူများသည် ယမ်းမှုန့်များကို ကျောင်းအတွင်းကြဲဖြန့်ပြီး မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

Most read this week