၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ကွန်မြူနတီ (ASEAN Economic Community- AEC) ဖြစ်လာ ပါက ကချင်နှင့်သျှမ်းပြည်သည် အင်အားကြီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ နေရာ ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်များက ပြောဆိုပါသည်။
“ကချင်နဲ့သျှမ်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတွေ အများကြီး ရှိနေတုန်း။ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ ရေအားလည်း အလုံအလောက်ရှိတယ်။ အရင်က လောနိုင်ငံဟာ အာရှရဲ့ ဘက်ထရီအိုးလို့ တင်စားကြပေမဲ့ အခု လျှပ်စစ်တွေ သိပ်မထုတ်နိုင်တော့ ကချင်နဲ့သျှမ်းပြည်ဘက်ကို ရွှေ့လာနိုင်တယ်။ ဒီနယ်မြေဟာလည်း တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်စတဲ့ အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်လုယူချင် တဲ့ နယ်မြေလည်း ဖြစ်တယ်” ဟု ထိုင်းပညာရှင် Dulyaphak Preecharach က ပြောပါသည်။
ASEAN Economic Community: Opportunities and Challenges ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တရပ်ကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Garden Hotel ၌ ဘန်ကောက်မှ သျှမ်းသံဃာတော်နှင့် သျှမ်းတက္ကသိုလ်ကျောင်းသားများအဖွဲ့က ဦးစီးကျင်းပရာ ရဟန်းသံဃာတော် အပါအဝင် ပရိသတ် စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့သည်။
“ဒီလိုပြိုင်ဆိုင်လူယုမှုတွေ ရှိနိုင်တဲ့အတွက်ကြောင့် AEC ကို သေသေချာချာ မလုပ်တတ်ရင်တော့ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်” ဟု ချင်းမိုင်တက္ကသိုလ်မှ Dr. Chayan Vatanabhuti ကလည်း ပြောပါ သည်။
AEC ထူထောင်ပါက နယ်နိမိတ် ပြဿနာ၊ လူမျိုးရေးဝါဒ ပြဿနာ၊ ဘာသာစကား ပြဿနာရှိနိုင် ကြောင်း၊ ထို့ကြောင့် One vision ဖြစ်လာနိုင်သော်လည်း One identity, One community ဖြစ် လာရန် ခက်ခဲကြောင်း ဆို၏။
AEC ထူထောင်လိုပါက ချစ် - မိမိလူမျိုးကို ချစ်ခြင်း၊ မုန်း - အခြားလူမျိုးကို မုန်းခြင်း၊ ကြောက် - အခြား လူမျိုးက မိမိလူမျိုးအပေါ် အနိုင်ယူမည်ကို ကြောက်ခြင်း၊ မသိ - အခြားလူမျိုး၊ အခြားတိုင်းပြည် အကြောင်းကို မလေ့လာခြင်း ဆိုသည့် အဂတိတရား ၄ မျိုးကို ကျော်လွန်ရမည်ဖြစ်ကြောင်း၊ ဤအဂတိ များ ရှိနေသရွေ့ EU ကဲ့သို့ ဖြစ်လာရန် ခက်ခဲကြောင်း Somrit Luechai က ပြောပါသည်။
AEC ဖြစ်လာပါက ခရီးသွား လည်ပတ်မှု များလာခြင်း၊ စီးပွားရေး ကုန်သွယ်မှု ကောင်းမွန်လာခြင်း၊ တင်းမာနေသည့် နယ်နိမိတ်ပြဿနာများ လျှော့ကျလာနိုင်ခြင်း၊ လူတစ်ယောက်တည်း ၃-၄ နိုင်ငံသား ဖြစ်နိုင်ခြင်း၊ မိမိရိုးရာယဉ်ကျေးမှုများကို တိုင်းတပါးအား ပြသနိုင်ခြင်းစသည့် အခွင့်အရေးများ ရှိလာ နိုင်ကြောင်း ဆိုပါသည်။
“အဆိုးဘက်က ကြည့်ရင်တော့ AEC ဖြစ်လာရင် လယ်ယာမြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေက အဓမ္မ ဝယ်ယူတာတွေ များလာမယ်။ ပြည်သူတွေလည်း လုပ်စားဖို့ မြေမရှိတော့ တိုင်းတပါးကို ထွက် ပြေးမယ်။ ဒါကြောင့် လူကုန်ကူးမှုလည်း များလာမယ်။ တိုင်းပြည်မဲ့လူတွေလည်း များလာမယ်။ ချမ်းသာတဲ့လူနဲ့ ဆင်းရဲတဲ့လူတွေကြာ မှာ ပြဿနာတွေ ဖြစ်လာမယ်။ စီးပွားရေးတွေလုပ်တော့ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးမယ်။ ဓာတုပစ္စည်းတွေကြောင့် မြေဆီလွှာတွေလည်း ပျက်စီးမယ်” ဟု Dr. Chayan Vatanabhuti က ပြောပါသည်။
ပြည်သူကို AEC ၏ ကောင်းကျိုးစံစားစေချင်ပါက အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ပြည်သူနှင့် ဆွေးနွေးလုပ်ဆောင်သင့်ကြောင်း၊ ပညာရေး၌လည်း ရည်မှန်းထားသည့် အခြေအနေနှင့် ကိုက်ညီသော ပညာရေးစနစ် ဖြစ်ရမည်ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများသာမက ရဟန်း၊ ပြည်သူကိုလည်း AEC အကြောင်း ပညာပေး ဟောပြောသင့်ကြောင်း ဆိုပါသည်။
ASEAN Economic Community: Opportunities and Challenges Seminar ကို ပညာရှင်များ ဖြစ်ကြသော Dr. Chayan Vatanabhuti, Somrit Leuchai, Dr. Kitti Bhodhikitti, Dr. Thani Thitaviriyo, Dulyaphak Pricharach နှင့် We Women Foundation မှ မခင်ငြိမ်းစံတို့က တက်ရောက်ဟောပြောခဲ့ပါသည်။