ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ကချင် စစ်ပြေးဒုက္ခသည် နှစ်ဦးအား အစိုးရ စစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ (စရဖ)တို့က မတရား ညှဉ်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ် အရေးယူပေးရန် ကြာသပတေးနေ့ နံနက်က သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ မိသားစုဝင်များက တိုင်ကြားလိုက်သည်။
ဇွန် ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ခလရ ၃၇ ရှေ့တန်းစစ်ကြောင်း တပ်ဖွဲ့ဝင်များက တာလောကြီး ကျေးရွာတွင် ထိုနှစ်ဦး အား ဖမ်းဆီးခဲ့ပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ စရဖ မှ မတရား နှိပ်စက်သူများအား အရေးယူပေးရန် တိုင်ကြားလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူ အချင်းချင်းတို့အား အဓမ္မ လိင်တူဆက်ဆံခိုင်းသည့် စရဖ တပ်ဖွဲ့ဝင် ငါးဦးအား ဖော်ထုတ်အရေးယူ ပေးရန်၊ ဖမ်းဆီးစဉ် ညှဉ်းပန်း နှိပ်စက်ခဲ့သော ခလရ ၃၇ မှ တာလောကြီးစစ်ကြောင်းအဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတို့ အား ဖော်ထုတ် အရေးယူပေးပါရန်နှင့် မမှန်မကန် စွဲဆိုထားမှုများအပေါ် အမှန်တရားကို စုံစမ်းရန်နှင့် တရားစွဲဆိုခြင်းကို အမြန်ရုတ်သိမ်းပေးပါရန် အချက်သုံးချက်ဖြင့် တိုင်ကြားလိုက်သည်။
“သူ့ကို တာလောကြီးမှာ KIO မဟုတ်ဘူးလို့ ငြင်းရင်လည်း ပါးရိုက်၊ သေနတ်နဲ့ ခေါင်းမှာ ထု၊ ဟိုဘက်က ထိုးလိုက်၊ ဒီဘက်က နောက်တယောက် ပြန်ထိုးလိုက်လုပ်တယ်။ ဒီ စရဖ ရုံးမှာ ပြန်ရောက်တော့ ယောကျ်ား အချင်းချင်း လုပ်ခိုင်းတာကို မလုပ်ဘူးလို့ ပြောလည်း သေနတ်နဲ့ ထုတယ်။ ကျမ ယောက်ျားကို နှိပ်စက် ပြီးနောက် သူနဲ့အတူ ဖမ်းခံရတဲ့ လူကို ပြန်ခေါ်ပြီး သူတို့ နှစ်ယောက်ကို လုပ်ခိုင်းတယ်တဲ့” ဟု နှိပ်စက်ခံရသူ တဦး၏ဇနီး ဒေါ်ခေါန်က ပြောသည်။
မတရားနှိပ်စက်ခံရသူနှစ်ဦးမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ဗုံးခွဲမှုတို့ဖြင့် တရားစွဲဆိုခံထား ရသည်။ မိသားစုဝင်များက ဂုဏ်သိက္ခာ ထိန်းသိမ်းလိုသောအားဖြင့် ၎င်းတို့၏ အမည်များ ဖော်ထုတ်ရန် ငြင်းဆိုသည်။
စရဖ က ဖမ်းဆီးခံရသူ၏ အကျႌများကို ချွတ်လိုက်ပြီး လက်ဝါးကပ်တိုင်တွင် သေဆုံးခဲ့သော သခင်ယေရှုကဲ့သို့ ပြုလုပ် ကာ အသေခံသည့် ပုံစံ လုပ်ခိုင်းခြင်း၊ ကျောက်ခဲစပေါ်တွင် ဒူးထောက်ခိုင်းခြင်း စသည့် မတရား နှိပ်စက်ခြင်းအမျိုးမျိုး တို့ကို ဖော်ထုတ် အရေးယူပေးရန် တိုင်းကြားလိုက်သည်ဟု တိုင်ကြားသူ ဒေါ်ခေါန်က မဇ္စျိမကို ပြောသည်။
“ခုလို စစ်ပြေးဒုက္ခသည်လို နေနေတဲ့အချိန်မှာ KIO ဆိုလို့ ခြေဦးတောင် မလှည့်ဖူးတာ ဘာလို့ KIO လို့ ဝန်ခံတာလဲလို့မေးတော့ မဟုတ်ဘူးဆိုရင် ဒီအချိန်မှာ အသက်တောင် ရှိတော့မှာ မဟုတ်ဘူး။ သေသွားပြီလို့ ပြောတယ်။ ကျမယောက်ျားက တကယ်လည်း KIO မဟုတ်ပါဘူး” ဟု မဇ္စျိမကို ပြောသည်။
၎င်းတို့နှစ်အား လွန်ခဲ့သော သီတင်းပတ်က စစ်ဥပဒေချုပ် အဖွဲ့မှ လာရောက် စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။
တိုင်ကြားစာကို နိုင်ငံတော် သမ္မတ အပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ကုလ ဒုက္ခသည်များိုင်ရာ UNHCR ရုံး၊ ကုလ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ ကွင်တားနား၊ တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်တီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ နိုင်ငံသားအခွင့်အရေး ဒီမိုကရေစီ အဖွဲ့အရေး အမျိုးသားလွှတ်တော်ကော်မတီ စသည့် အဖွဲ့များသို့ ပေးပို့လိုက်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် MCC၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ ကောင်စီ၊ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC၊ ကက်သလစ် အသင်းတော်တို့ သို့လည်း အဆိုပါ တိုင်ကြားစာကို မိတ္တူပို့လိုက် သည်။
ကချင်ပြည်နယ်တွင် အစိုးရနှင့် KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ၂ဝ၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ယခုထိ ဖောက်ခွဲမှု၊ KIO နှင့် ဆက်သွယ်သည့် မတရားသင်း ပုဒ်မ ၁၇(၁)တို့ဖြင့် မပခ လက်အောက်ခံ တပ်ဖွဲ့များနှင့် စရဖ တပ်ဖွဲ့များ ဖမ်းဆီးခံထားရသူ စုစုပေါင်း ရဝ ကျော်ရှိသည်ဟု ရှေ့နေဂျီမာခါး က မဇ္စျိမကို ပြောဆိုထားသည်။
ထိုသို့ KIO နှင့် ဆက်သွယ်သည်ဟူ၍ အင်ဂျန်းကုန် စစ်ပြေးဒုက္ခသည်စခန်းမှ ဖမ်းဆီးခံထားရသူ ဦးဘရန်ရှောင်နှင့် ပတ်သက်၍မူ ၎င်း၏ ဇနီး ဒေါ်ဇညွယ်၊ ဒုက္ခသည် စခန်း တာဝန်ခံ ဆရာအောင်မြတ်၊ အင်ပွန်ကျေးရွာမှ ရွာလူကြီး၊ စရဖ ဗိုလ်ကြီး ကျော်စွာလင်းနှင့် စရဖ၊ မြို့သစ်ကြီး အုပ်ချုပ်ရေးမှူး တို့အား စစ်ဥပဒေချုပ်အဖွဲ့မှ ဗုဒ္ဓဟူးနေ့က လာရောက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။