တြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ ရက်နေ့ ၌ ရုံးတင်စစ်ဆေးမည်ဟု တရုတ်အစိုးရပိုင် စီစီတီဗီ က ထုတ်လွှင့်ထားပါသည်။
“မြန်မာအစိုးရကနေ နိုင်ငံတော် သက်သေအဖြစ် မကြာခင်တုန်းက တရုတ်အစိုးရဆီကို ယာယီလွှဲပေးလိုက်တဲ့ စိုင်းအောင်မြတ်နဲ့ ဆို ကျနော်သိတဲ့သူတွေ ၄ ယောက်ဘဲရှိတယ်။ နောက်နှစ်ယောက်က ဘယ်သူမှန်းမသိဘူး” - ဟု တာချီလိတ် မြို့နေထိုင်သူ စိုင်းနော်ခမ်း၏ မိတ်ဆွေတဦးက ပြောပါသည်။
ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရ သည့် စိုင်းနော်ခမ်း၊ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် စိုင်းအောင်မြတ်တို့အား ရုံးတင်စစ်ဆေး မည်မှာ သေချာကြောင်း၊ ကျန်နှစ်ဦးမှာ စိုင်းယီလိုင်၏သား တဦး နှင့် စိုင်းထွန်းကုလား (စိုင်းအောင်မြတ်နှင့် အတူ တရုတ်ထံယာယီလွှဲအပ် စာရင်းတွင်ပါဝင်ဖွယ်ရှိ) တို့ဖြစ်နိုင်ကြောင်း - စိုင်းအောင်မြတ်နှင့်နီးစပ်သူတဦး က ပြောပါသည်။
“စက်တင်္ဘာ ၁၈ ရက်နေ့က တရုတ် ထုတ်လွှင့်သွားတဲ့ တီဗီ သတင်းမှာ စိုင်းနော်ခမ်း သျှမ်းလိုပြောသွားတာက တရုတ် ၁၃ ဦးသတ်ဖြတ်မှုမှာ ကျနော့်ရဲ့လက်ချက်လို့စွပ်စွဲပြီး ဖမ်းတာ လို့ပြောသွားတယ်။ ဒါပေမယ့် သူတို့က အင်္ဂလိပ်လို - စိုင်းနော်ခမ်းက ဝန်ခံလိုက်ပြီ - လို့ ဘာသာပြန်ထားတာ။ ” - ဟု တရုတ် စီစီတီဗီသတင်း ကြည့်ရသူ နယ်စပ်နေ သျှမ်းအမျိုးသားတဦးက မကျေမချမ်းဖြင့် ပြောပါသည်။
စိုင်းနော်ခမ်းအား ထိုင်းနိုင်ငံ အမှု ၁၇ မှု ၊ မြန်မာက ၁၅ မှု၊ လောဝ် (လာအို) က ရ မှု ၊ တရုတ်က ၂၉ မှု ဖြင့် အလိုရှိနေ သော သူဖြစ် သည်။ ၎င်းနှင့်အတူ ရုံးတင်စစ်ဆေးမည့် လူငါး ၅ ဦးကလည်း ထိုအမှုများနှင့် ပတ်သက်ဆက်နွယ် နေသည်ဟု စွပ်စွဲခံထားရသူများသည်။
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ်တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲသောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေနှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသ အတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်၏။ တရုတ် ၁၃ ဦးသတ်ခံရသည့်နောက်ပိုင်းလေးနိုင်ငံပူး ပေါင်း ကင်းလှည့်အဖွဲ့က စိုင်းနော်ခမ်းအား လောဝ်နိုင်ငံဘက်ခြမ်း ၌ ဧပြီ ၂၅ ရက် က ဖမ်းဆီးခြင်းခံခဲ့ရ၏။ မေ ၁၀ ရက် ၌ လောဝ် အစိုးရက စိုင်းနော်ခမ်းအား တရုတ်ထံလွှဲအပ်ခဲ့ခြင်း ဖြစ်ပါသည်။