ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်ခရီးစဉ် ဒေသခံများ မကျေနပ်

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်ခရီးစဉ် ဒေသခံများ မကျေနပ်
by -
သျှမ်းသံတော်ဆင့်

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယမန်နေ့ မွန်းလွဲပိုင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ မူစယ်၊ နမ့်ခမ်းမြို့များနှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံသို့ ခရီးလှည့်ရာတွင် ယာဉ်သွားလမ်း တားဆီး စစ်ဆေး ပိတ်ဆို့မှုများသောကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ကြားသိရပါသည်။

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
“ကျနော့်တို့ လားရှိုးမှာတော့ဗျာ၊ မနေ့က တမနက်ခင်းလုံး လမ်းတွေပိတ်ကုန်တယ်။ ဘူတာလမ်း၊ နမ္မတူလမ်း ခွဲဘက်မှာ မနက်ပိုင်း ဂေါက်သွားရိုက်တယ်။ မွန်းလွဲပိုင်းလောက်မှ လေဆိပ်ဆင်းတယ်။ နအဖ ခေတ်က မောင်အေးတို့ သန်းရွှေတို့ လာတာနဲ့ အတူတူဘဲ။ ကျမတို့ အလုပ်ပျက်တယ်၊ ဝင်ငွေထိခိုက်တယ်။ ကျမတို့ က တနေ့လုပ် တနေ့စားတွေလေ” - ဟု လားရှိုးမြို့ ဈေးပတ် နန်းအိုင် က ပြောပါသည်။

စက်တင်္ဘာ ၁၄ ရက်ကတည်းက လားရှိုးသို့ ရောက်နေသော ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည်   ရေဘေးဒုက္ခကြုံတွေ့ရသည့် ဒေသခံလူထုအား ဆုံရပ်နှစ်နေရာတွင် အကူညီပေးခဲ့ကြောင်း၊ ထို့နောက် မူစယ်၊ နမ့်ခမ်းဘက် ကျန်းမာရေး ပညာရေး သာသနာရေးဆိုင်ရာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ စက်တင်္ဘာ ၁၆ ရက် လားရှိုးမှ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ အစိုးရဝန်ထမ်းများ၊ အပစ်ရပ် ကိုယ်စား လှယ်များ၊ စာပေယဉ်ကျေးမှုကဲ့သို့ လူမှုအဖွဲ့အစည်းများက  ကြိုဆိုကြကြောင်း ဒေသတွင်းလူထုထံမှ ကြားသိ ရသည်။

“ကြိုဆိုတာလည်း ဟိုးအရင် ခင်ညွန့်တို့ သန်းရွှေတို့ မောင်အေးတို့ ကြိုရသလိုဘဲ။  လမ်းတွေမှာလဲ မလာခင် ၄-၅ ရက်ကတည်းက ကင်းလှည့်နေပြီ။  သွားလာရတာ မလွတ်လပ်တော့ဘူး။   အရင် စစ်အစိုးရတုန်းက တောင် သူတို့ကို ဘယ်သူမှ ဘာမှမလုပ်ဘူး။ အခုဆို အရပ်သားအစိုးရဘဲ။  တို့သျှမ်းအမျိုးသားလည်း ဖြစ်သေးတယ်။  သွားလာဖြတ်သန်းတုန်း လမ်းခဏပိတ်ရင် အကြောင်းမဟုတ်ဘူး။ အခုဟာက တနေကုန် နီးပါးလောက်ကို ပိတ်လိုက်တာဆိုတော့ အလုပ်ပျက်တယ်” -ဟု ကျိုင်းတုံသားတဦးက ပြောပါသည်။

ထို့အတူ မူစယ်ရောက်စဉ် ဥပုသ်နေ့ဖြစ်သောကြောင့် ဥပုသ်သည်များ ဘုရားကျောင်းကန်သွားဖို့ အခက် အခဲဖြစ်ခဲ့ရကြောင်း၊ မူကြိုကလေးများလည်း ကျောင်းမသွားရကြောင်း မူစယ်ဒေသခံ ကလေးမိဘတဦးက ပြောပါသည်။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ လည်းဖြစ်သည့် ဒုတိယသမ္မတ ဒေါတ်တာ စိုင်းမောက် ခမ်းသည် ကျိုင်းတုံ၌ ရောက်ရှိစဉ် ယမန်နေ့ညနေပိုင်းက မိုင်းလားတပ်ဖွဲ့၏ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဦးဆန်းပေ တို့နှင့်လည်း တွေ့ဆုံကာ မိုင်းလားရေဘေးဒုက္ခသည်များအတွက် ကျပ်သိန်း ၂၀၀ ကူညီထောက်ပံ့ခဲ့သေး သည်ဟု ဆိုသော်လည်း ငွေသားကိုကား မရသေးဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။