ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် (AFF Women’s Championship 2012) ဘောလုံးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင် အသင်းအား (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။
မြန်မာအသင်း၏ပွဲထွက်လူစာရင်းတွင် ဂိုးသမား- မေခင်ယမင်း။ နောက်တန်း-မြင့်မြင့်အေး၊ ရွှေစင်အောင်၊ သီတာဦး၊ ခင်သန်းဝေ။ ကွင်းလယ်-သန်းသန်းထွေး၊ခင်မာလာထွန်း၊စန်းစန်းမော်၊နီလာမြင့် တို့ကိုအသုံးပြုခဲ့ပြီး တိုက်စစ်မှူးအဖြစ် ခိုင်မိုးဝေ ကိုအသုံးပြုခဲ့သည်။
မြန်မာအမျိုးသမီးအသင်း အနေဖြင့် ပွဲအစ (၅) မိနစ်မှာပင် အဖွင့်ဂိုးစတင်ရရှိခဲ့ခြင်းဖြစ်ပြီး ဘယ်တောင်ပံမှ ခင်မိုးဝေ၏ ဖြတ်တင် ပေးပို့မှုကို စန်းစန်းမော်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
ဂျပန်နည်းပြ ကုမာဒါကိုင်တွယ်သော မြန်မာအမျိုးသမီးအသင်းသည် မြန်မာနိုင်ငံတွင်းေြ ခစမ်းပွဲများတွင် ရလဒ်ဆိုးရွား ခဲ့သော်လည်း ယခုပွဲစဉ်တွင်မူ ကစားပုံကောင်းမွန်ခဲ့ပြီး ဖိလစ်ပိုင်အသင်းအပေါ် အသာစီးမှ ကစားသွားနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်း အနေဖြင့် ပွဲချိန် (၃၈) မိနစ်တွင် ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုး ကိုဖိလစ်ပိုင် နောက်ခံလူများ၏ ဖျက်ထုတ်ပုံ မသေသပ်မှုမှ တစ်ဆင့် နီလာမြင့်က ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း မြန်မာအသင်းကပင် အခွင့်အရေးရရှိခဲ့ပြီး မေသူကျော်နှင့် ရီရီဦးတို့ လွဲချော်နေခဲ့ သောကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။
ပွဲချိန်(၈၂)မိနစ်တွင်မူ မြန်မာကွင်းလယ်လူ ရီရီဦးအား ဖိလစ်ပိုင်နောက်တန်းက ဂိုးဧရိယာထဲတွင် ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ မှုကြောင့် မြန်မာအသင်းပင်နယ်တီရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီအား စန်းစန်းမော်က အမှားအယွင်း မရှိ ကန်သွင်းယူနိုင်ခဲ့သည်။
နောက်ပိုင်းပွဲချိန်များတွင် မြန်မာအသင်းအနေဖြင့် ပွဲကိုထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲအပြီးတွင် (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။
“မြန်မာအသင်းအနေနဲ့ အုပ်စု(က)မှာဗီယက်နမ်ကိုပဲ အဓိက ယှဉ်ကစားရမှာပါ။ သူတို့မှာ အိမ်ရှင်အခွင့် အရေးလည်း ရှိနေတော့ မြန်မာအသင်းအနေနဲ့ ပိုပြီးကြိုးစားရမယ်။ မြန်မာအသင်းရဲ့ခြေစွမ်းက အရင်နှစ်တွေ ကထက် ပိုကောင်း လာတာတော့ အမှန်ပါပဲ” ဟု အမျိုးသမီးအသင်းအုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက မဇ္စျိမကို ပြောသည်။
မြန်မာ အမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် နှစ်ကြိမ်အထိ ဗိုလ်စွဲထားသည့် အသင်းဖြစ် ပြီး ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ အသင်းများက တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။
မြန်မာအမျိုးသမီးအသင်းအနေဖြင့် လာမည့်စက်တင်ဘာလ(၁၅)ရက်နေ့တွင် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်အသင်းနှင့်ပွဲစဉ်ကိုမူ စက်တင်ဘာလ (၁၇)ရက်နေ့တွင် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။