သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)

သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားသည်မှာ လဝက် ခန့်ရှိပြီဖြစ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးဟု သိရပါသည်။  အဆိုပါအဖမ်းခံရသူများ လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုးပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။

http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ

မေး။    ။ဝ ပြည်သွေးစည်းရေးတပ်မတော်က ဖမ်းဆီးထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားတွေ ကိုပြန်လွှတ်ပြီလား။

ဖြေ။    ။ မလွှတ်သေးဘူးဗျ။ ဝ ဘက်က ၂ ကြိမ်လူလွှတ်လာတယ်။ ဆွေးနွေးဖို့ အတွက် ကိုယ်စား လှယ်လွှတ်ဖို့။ ကျနော်တို့ဘက်က မိုင်းဆတ်မှာရုံးထိုင်တဲ့အရာရှိတယောက်ကို လွှတ်လိုက်တယ်။ သူက တိုင်းရင်းသားနဲ့ ဗမာအာဏာပိုင်တွေကို ဆက်ဆံတဲ့လူပေါ့။ ကျနော်တို့ ၂ ကြိမ်လွှတ်တယ် ။ တကြိမ်မှ မဆွေးနွေးခဲ့ရဘူး။

မေး။။ဆွေးနွေးမှုမရှိခဲ့ဘူးဆိုတာ ဘာကြောင့်လဲ။ ရာထူး အဆင့်အတန်းသတ်မှတ်ထားတာကြောင့်လား။

ဖြေ။    ။ သူတို့က ရာထူး အဆင့်အတန်း သတ်မှတ်ထားတယ်လဲ မပြောဘူး။   ဘာကြောင့်မဆွေးနွေးခဲ့တာလဲဆိုတာကိုတော့ ကျနော် မသိရပါဘူး။

မေး။    ။သျှမ်းပြည်တပ်မတော်ရဲ့ ဗိုလ်စိုင်းခိုင်ကို ပန်ဆန်းမှာသွားလွှတ်လိုက်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။    ။ ဘာမှမကြားရသေးဘူးဘဲ။

မေး။    ။အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပြီးဆိုပေမယ့် မြန်မာစစ်တပ်နဲ့ တိုက်နေရသေးတယ်။ ၀ တပ်ဖွဲ့နဲ့လည်းဆက်ဆံရေး အခြေအနေက သိပ်မကောင်းဘူး။ ဒီပြဿနာဖြေရှင်းဖို့ သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်ပေါ်လစီကိုသုံးမလဲ။

ဖြေ။    ။ အစိုးရနဲ့ဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ဘဲဖြစ်ဖြစ် ဆက်ဆံတဲ့အခါမှာ ကျနော်တို့ က စည်းလုံးညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သဘောတူညီမှုရရှိရေး ဆိုတဲ့ပေါ်လစီကိုသုံးပါတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာဟာ ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပါတယ်။  ဒီပြဿနာဖြေရှင်းနိုင်ဖို့ အတွက် ဖြေရှင်းချင်တဲ့ဆန္ဒရှိရမယ်။ ငြိမ်းချမ်းစွာတွေ့ဆုံဆွေး နွေးပြီးတော့ဖြေရှင်းသွားတာ အကောင်းဆုံးဘဲလို့မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနည်းကိုဘဲသုံးသွားမှာဖြစ်ပါတယ်။

မေး။    ။အဖမ်းခံရတဲ့လူတွေပြန်လည်လွှတ်မြောက်နိုင်ဖို့အတွက် သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားသလဲ။

ဖြေ။    ။ ကျနော်ခုနပြောသလိုဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းချင်တယ်။ ဒါကြောင့် ဝ တပ်မတော်ဘက်က ဘယ်လိုပြောလာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။  သူတို့ဘက်က ဆန္ဒကိုသိရမှ ကျနော်တို့ လိုက်ပြီးလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

မေး။    ။ သျှမ်းပြည်က ပရိသတ်တွေက သျှမ်းသံတော်ဆင့်ကိုဆက်သွယ်မေးမြန်းလာတယ်။ သျှမ်းပြည်တပ်မတော်က အဖမ်းခံရတဲ့တပ်သားတွေလွှတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့ သတင်းမကြားမိဘူး တဲ့။  လူထုရဲ့ မျှော်လင့်ချက်အပေါ်  ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

ဖြေ။    ။ ဟုတ်ကဲ့။ ငြိမ်းချမ်းရေးနဲ့ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ဘက်ကဘဲ လုပ်ချင်နေရုံနဲ့ မလုပ်နိုင်ပါ ဘူး။ သူ့ဘက်ကလည်း လုပ်ချင်တဲ့စိတ်ရှိမှပါ။ စည်းလုံးညီညွတ်ရေးဆိုတာလဲအတူတူဘဲ။ ဒါကြောင့် သူတို့ဘက်က ဘာဖြစ်ချင်လဲ ပြောဆိုလာမှ ဆက်လုပ်နိုင်ပါမယ်။ အရောင်းအဝယ်လုပ်တဲ့သဘောပါဘဲ။ ရောင်းချင်တဲ့လူက ဈေးခေါ်မယ်။ ဝယ်မယ့်လူကလဲ သူဘယ်လိုပစ္စည်းမျိုးနဲ့ ဘယ်လောက်တန်ဖိုးရှိ တဲ့ဟာမျိုး လိုချင်တယ်ပြောပြီးမှ အရောင်းအဝယ်လုပ်ဖြစ်မှာပါ။

မေး။    ။အဖမ်းခံရတဲ့လူ အမှန်ကဘယ်နှစ်ယောက်ရှိလဲခင်ဗျ။

ဖြေ။    ။ ၁၄ ယောက်ပါ။

မေး။    ။ဟုတ်ကဲ့။ လူထု ကိုဘယ်လို ပြောပြချင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့တပ်ဖွဲ့နဲ့တပ်သားထုအပေါ် အလေးထားမှုကိုကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်ကျနော်တို့လုပ်သွားမယ်လို့ကတိပေးပါတယ်။

အဖမ်းခံရသည့် မိမိတပ်သားများ ပြန်လည်လွတ်မြောက်ဖို့အတွက် သျှမ်းပြည်တပ်မတော်ကတော့ ဝ တပ်ဖွဲ့ဘက်က ကမ်းလှမ်းပြောဆိုမှုကိုစောင့်နေကြောင်း  သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

ဂျူလိုင် ၃၀ ရက်က ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ရ၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာတွင်   ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကို ဝ ပြည်သွေးစည်းရေးတပ်မတော်ကဖမ်းဆီးထားခဲ့သည်။ ကိုယ်စားလှယ်လွှတ်၍ဆွေးနွေးရန် ဝ ဘက်မှတောင်းဆိုသည့်အတိုင်း သျှမ်းတပ်ဖွဲ့ကလွှတ်ပေးသော်လည်း ဆွေးနွေးမှုမရှိဘဲ တပ်သား ၁၄ ဦးမှာ ယနေ့တိုင် အဖမ်းခံထားရဆဲဖြစ်သည်။