မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် တို့မှ (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား

မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် တို့မှ (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား
by -
နိရဥ္စရာ

ယနေ့ကျရောက်သည့် ရ၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် မြို့ အသီး သီးတွင် ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ယခုနှစ် စစ်တွေတွင် ကျင်းပနေသည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားမှ ဓါတ်ပုံများ ဖြစ်ပါသည်။
မြောက်ဦးမြို့တွင် ဆရာတော် ဦးဥတ္တမ နေ့အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင်စတင် မြို့ခံလူ ငယ်များက ဦးဆောင် ကျင်းပခဲ့ကြောင်း မြောက်ဦးမြို့မှ လူငယ်တဦးက ယခုကဲ့သို့ ပြောသည်။

“ ဒီမှာတော့ တော်တော် စည်စည်ကားကား ကျင်းပပါတယ်။ ဦးမြဝါခန်းမမှာ ကျင်းပပါတယ်။ ဆရာ တော် ဦးဥတ္တမနဲ့ ပတ်သတ်တဲ့ စာစီစာကုံးတွေ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲတွေလည်းပါတယ်။ နောက်ပြီး ရိုးရာ အားကစားပြိုင်တွေလည်းကျင်းပ ပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့တွင်လည်း ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးတွင် အကျဉ်းချံုး ကျင်းပခဲ့ကြောင်း ကျောက်တော်မြို့နယ် ပါတီ ဒုဥက္ကဌ ဦးစောမောင်က ပြောသည်။

“ ဒီနှစ်တော့ ကျွန်တော်တို့  ဆရာတော် ဦးဥတ္တမနေ့ကို သိပ်ထူးထူးထွေထွေလည်း မလုပ်ဖြစ်ပါ။ ဆရာ တော်တွေပင့်ပြီး ဆွမ်းကပ်တယ်။ နောက်ပြီး သိမ်ကျောင်းက ဆရာတော်တပါးက ဆရာတော် ဦးဥတ္တမနဲ့ ပတ်သတ်ပြီး သြဝါဒပေးတယ်။ ပြီးတော့ နမောတဿ သုံးကြိမ်ရွတ်ပြီး အခမ်းအနာကို ရုတ်သိမ်းလိုက်ပါ တယ်။”

ကျောက်တော်မြို့တွင် လွန်ခဲ့သည့်နှစ်များက  သာသနာ့ဗိမာန် အဆောက်အဦးတွင် ဆရာတော် ဦး ဥတ္တမနေ့ကို ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ညမထွက်ရမိန့်ထုတ်ထားပြီး သာသနာ ့ဗိမာန် တွင်လည်း လုံခြံုရေးတပ်ဖွဲ့များရှိနေသည့်အတွက် ယခုကဲ့သို့ အကျဉ်းချံု့ကျင်းပရခြင်း ဖြစ်ကြောင်း ဦးစောမောင်က ပြောသည်။

ယခုကဲ့သို့ ဆရာတော်နေ့အား ရခိုင်ပြည်သူများ ကျင်းပရခြင်းမှာ ဆရာတော် သက်တော် တလျှောက်လုံး တိုင်းပြည်နှင့်လူမျိုးအတွက် အမျိုးသားရေးစိတ်ဓါတ်၊ နိုင်ငံရေးအသိစိတ် ဓါတ်များ ကိန်းအောင်လာအောင် စွမ်းဆောင်ခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ဟု သူက ဆိုသည်။
ယခုနှစ် စစ်တွေတွင် ကျင်းပနေသည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားမှ ဓါတ်ပုံများ ဖြစ်ပါသည်။
ဆရာတော်သည့် ဗြိတိသျှခေတ်တွင် အမျိုးသားရေး၊ နိုင်ငံရေးတရားများကို ရဲရဲတောက်ဟော ပြောခဲ့ သည့်အတွက် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးအကျဉ်းချမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ဗြိတိသျှခေတ် မြန်မာနိုင် ငံတွင် ပထမဆုံး နိုင်ငံရေးကျဉ်းသား တဦးဖြစ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့တွင်ကျင်းပသည့် ဆရာတော်နေ့ အခမ်းအနားမှာ ယခုနှစ်တွင် အလွန်စည်ကား ကြောင်း မြို့ခံအမျိုးသမီးတဦးက ယခုကဲသို့ပြောသည်။

“ကျမတို့မြို့မှာ ဧစေတီမှာကျင်းပပါတယ်။ လူတွေလည်း တော်တော်များများ ရောက်ကြပါတယ်။ အခု ဆိုရင် ဧစေတီရင်ပြင်တခုလုံး ပြည့်နေပါပြီ။ အပြင်မှာလည်းလူတွေများကြီးရောက်နေပါတယ်။ တအား စည်ပါတယ် ဒီနှစ်။”

ပုဏ္ဏားမြို့တွင်လည်း ကဗျာရွတ်ပွဲအပါအဝင် တခြားဆရာတော်နှင့် ပတ်သတ်သည့် စာပေဆိုင်ရာ ပြိုင် ပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိသျှနယ်ချဲ့ လက်အောက် မြန်မာပြည်သူများ အကြောက်တရား လွမ်းမိုးနေချိန်တွင် ဆရာတော်က  နိုင်ငံရေးတရားများ ဟောပြောခြင်း၊ သတင်းစာများတွင် ဆောင်းပါးများ ရေးသားပြီး နိုင်ငံရေး စိတ်ဓါတ် များကို နှိုးဆော်ပေးခဲ့သည့်အပြင် ဗြိတိသျှဘုရင်ခံ “ဆာရယ်ဂျီနယ်” အား မြန်မာနိုင်ငံမှ ထွက်သွားရန် စာရေးသား ပို့ပေးကာ နှင်ထုတ်ခဲ့သည်။

ယခုကဲ့သို့ မြန်မာလွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့သည့် ဆရာတော်နေ့ကို ကျင်းပရန် မြန်မာ အုပ်ချုပ်သူ အစိုးရအဆက်ဆက်က ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့်နှစ်က စစ်တွေမြို့တွင် ကျင်းပခွင့် ပေးခဲ့ပြီး ယခုနှစ်တွင် အာဏာပိုင်များမှ တပြည်နယ်လုံး အတိုင်းအတာအားဖြင့် တရားဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့တွင်လည်း အကြောင်းအမျိုးမျိုးကြောင်း ဆရာတော်နေ့ကို အကျဉ်းချံု့ကျင်းပခဲ့ ကြောင်း သိရသည်။

“ဘုန်းတော်ကြီး ၁၃ ပါးကို အာရုံဆွမ်းကပ်လှူပါတယ်။ ပြီးတော့ ငါးပါးသီလခံယူတယ်။ ပရိတ်တရား နာတယ်။ ပြီးတော့ ကျွန်တော်တို့ ဗဟိုကပေးပို့တဲ့ သဝဏ်လွှာကို ကျွန်တော်တို့ မြို့နယ် ဥက္ကဌ ဦး ထွန်းအောင်သိန်းက ဖတ်ကြားပါတယ်။ ပရိတ်သတ်ကတော့ ကျွန်တော်တို့ လူ ၂၀ ခန့်ဘဲ ဖိတ်ကြား ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် တဦးကပြောသည်။

အလားတူး မောင်တောမြို့တွင်လည်း ယနေ့နံနက်ပိုင်းက ဆရာတော် ဦးဥတ္တမနေ့ကိုကျင်းပနေကြပြီး ရန်ကုန်မြို့တွင်လည်း ယနေ့နေ့လည်း ၁ နာရီတွင် ဒို့ရိုးရာ စားသောက်ဆိုင်တွင်စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဆရာတော်ကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရွာတွင် မိခင် ဒေါ်အောင်ကြွသူနှင့် အဖ ဦးမြတို့မှ မွေးဖွားခဲ့ပြီး  သက်တော် ၆၀ ပြည့်သော ၁၉၃၉ ခုနှစ် စက်တင် ဘာလ ၉ ရက် နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

ဆရာတော်၏ ဘဝတလျှောက်လုံးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရှေ့ဆုံးက ပါ၀င်ခဲ့ သည့်အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဆရာ တော် မွေးဖွားသည့် စစ်တွေမြို့တွင် ဦးဥတ္တမခန်းမ၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမလမ်းစသည့် အမည် များ ဖြင့် ဂုဏ်ပြုထားသည်။

ဆရာတော် ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ရခိုင်အမျိုးသားများက ဆရာတော်ဦး ဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး ပြည်တွင်း ပြည်ပရှိရခိုင်လူမျိုးများက ဆရာတော်နေ့ကို နှစ်စဉ် နှစ် တိုင်း ကျင်းပလေ့ရှိသည်။

Most read this week