မြန်မာ့သတင်းစာရေးသားသကဲ့သို့ အစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်မထိုးရ

မြန်မာ့သတင်းစာရေးသားသကဲ့သို့ အစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်မထိုးရ
by -
သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့်လက အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ်က ပြည်ထောင်စုအဆင့်ဆွေးနွေးရန် အကြိုသဘောသာ ဆွေးနွေးခဲ့ရပြီး  သဘောတူ လက်မှတ်ရေးထိုးသည့်အဆင့် မလုပ်ရကြောင်း PNLO ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မြန်မာ့အလင်းသတင်းစာပါအစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်း(မြန်မာ့အလင်း)
“ကျနော်တို့ ဩဂတ်စ်လ ၂၅ ရက်တုန်းက အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်း ရေးဆွေးနွေးတာ ပြည်နယ်အဆင့်ဘဲဆွေးနွေးသဘောတူပါတယ်။ သို့ပေမယ့် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စု အဆင့်ကိုပါ ဆွေးနွေးသဘောတူလက်မှတ်ထိုးကြပြီလို့ ထည့်သွင်းဖော်ပြထားတယ်။ တကယ်တော့ ကျနော်တို့ ပြည်ထောင် စုအဆင့်သဘောတူညီချက် လက်မှတ်ထိုးခဲ့တာမရှိဘူး၊ မြန်မာ့အလင်းက ဘာလို့အဲဒီလိုရေးလဲမသိဘူးဗျ” ဟု အမည်မဖော် လိုသည့် PNLO တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။

ဩဂတ်စ်လ ၂၅ ရက်က PNLO မှ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရာ သဘောတူညီချက် ၅ ချက်အပြင် ညနေပိုင်းတွင် ပြည်ထောင်စုအဆင့်ဆွေးနွေး ရန်အတွက်ပါ အကြိုဆွေးနွေးခဲ့ရကြောင်း၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအား လာမည့်အောက်တိုဘာ၌ ထပ်မံတွေ့ဆုံ ဖွယ်ရှိကြောင်း ထိုစဉ်က တောင်ကြီးရောက် ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။

“နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမယ် ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မယ့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာလဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ပိုမိုလိုအပ်တယ်” - ဟု ဗိုလ်မှူးကြီးခွန်သူရိန်က ဆို၏။

မြန်မာ့အလင်းသတင်းစာ၌ ထိုကဲ့သို့ထင် ယောင်ထင်မှားဖြစ်အောင်မှားယွင်းဖော်ပြထားမှုသည် ကြီးမားသော ပြဿနာ တခုမဟုတ်သည့်တိုင် အနာဂတ် မိမိတို့ကြား ယုံကြည်မှုတည်ဆောက်ရန် အတွက် အခက်အခဲ ဖြစ်စေကြောင်း  အဆိုပါ အမည်မဖေါ်လို PNLO တာဝန်ရှိပုဂ္ဂိုလ်ကပြောသည်။

“ အချင်းချင်း ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အမှန်တရားနဲ့တည်ဆောက်ရမှာဖြစ်တယ်။ မမှန်ကန်မှုနဲ့ တည်ဆောက် လို့မရပါဘူး။ အဲဒီလို မီဒီယာမှာ မှားယွင်းဖော်ပြလိုက်တာ ကြီးမားတဲ့ ပြဿနာတခုမ ဟုတ်ဘူးဆိုပေမယ့်  အသေးအမွှား ကိစ္စမှာတောင်ယုံကြည်လို့မရရင် ကြီးမားပြီး အရေးကြီးတဲ့ကဏ္ဍမှာ ဘယ်လိုလုပ် ယုံကြည်နိုင်ပါတော့မလဲ ဆိုတာတွေးစရာ တခု ဖြစ်လာစေတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

လက်ရှိတွင် သမ္မတဦးသိန်းစိန် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကိစ္စအား လက်ခံဆွေးနွေးပြီး သဘောတူ လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ရှိပြီးဖြစ်သည်။ အများအားဖြင့်လည်း ပြည်ထောင်စုအဆင့်သဘောတူညီမှု ရယူ နိုင်ခဲ့ကြသည်။

သို့သော် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အပြင် ရပ်ရွာ လူထု လည်း စစ်ဘေးစစ်ဒဏ်အလူအလဲခံနေရဆဲ ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရ တို့ကမူ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးသော်ငြားးလည်း  အစိုးရက နိုင်ငံရေးကိစ္စဦးစားပေးဆွေး နွေးခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အနှောင့်အယှက််ဖြစ်ခဲ့ရပြီး ယနေ့တိုင် တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။