ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုရာ ကလုံးထာ ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့က ကလုံးထာရွာသို့ ITD ကုမ္ပဏီ ကိုယ်စားလှယ် ရောက်လာပြီး ပြောင်းရွှေ့စေလို ကြောင်း ပြောဆိုခဲ့သည်ဟု ကျေးရွာရှိ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။
“ရွာသားတွေရဲ့ဆန္ဒက လျော်ကြေးပေးလည်း ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ ဒီရွာက မပြောင်းချင်ကြဘူး။ စီမံကိန်း ဧရိယာမှာ နဘုလယ်ဒေသ ပါတယ်။ ဘုန်းဘုန်းတို့ရွာ မပါဘူး။ ဒါကြောင့် ပြောင်းဖို့ လက်မခံနိုင်ဘူး” ဟု မိန့်ကြား သည်။
လက်ရှိရွာ၏ အရှေ့တောင်ဘက် သုံးမိုင်ခန့် အကွာသို့ ပြောင်းရွေ့နေရာချထားပေးပြီး လျှော်ကြေးများ ပေးသွာမည်ဟု ITD က ညှိနှိုင်းလာခြင်း ဖြစ်သည်။
စီမံကိန်းဧရိယာအတွင်း မပါသည့်အတွက် ကျေးရွာမှ ဖယ်ရှားမပေးနိုင်ကြောင်းကို သြဂုတ်လ ၂၁ ရက်နေ့က စုပေါင်း လက်မှတ်ရေးထိုးပြီး သမ္မတ ဆီသို့ ပို့လိုက်ကြောင်း သိရသည်။
“တကယ်လို့ မဖြစ်မနေ ပြောင်းရမယ်ဆိုရင်တော့ လူတိုင်းမှာ အခွင့်အရေးဆိုတာ ရှိတယ်။ လူအခွင့်အရေးတွေကို ပြောပြမယ်။ ကျနော်တို့ လုံးဝ မပြောင်းနိုင်ဘူးလို့ ပြောမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ပြောမယ်” လို့ ကလုံးထာ ကျေးရွာတွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်ရှိ ဦးကြီးမြင့် က ဆိုသည်။
ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ခံ ညှိနှိုင်းရေးမှှူး ကိုသန့်ဇင် ကလည်း “စီမံကိန်းဧရိယာထဲမှာ မပါဘဲနဲ့ ရေကာတာ လာဆောက်မယ်ဆိုရင်တော့ ဒေသခံတွေရဲ့ သဘောတူညီချက်က အရေးကြီးပါတယ်။ ဒေသခံတွေက အခု လုံးဝ သဘောမတူဘူး။ ညှိနှိုင်းဖို့ လိုကို လိုအပ်နေပါတယ်” ဟု ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီးတွင် တည်ရှိပြီး ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ် နဘုလယ် ကျေးရွာအနီးတွင် ရှိသည်။
၂ဝဝ၈ ခုနှစ်တွင် မြန်မာအစိုးရက ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်တွင် ရ၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။