SSPP/SSA နှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းဖြစ်သူများကို မြန်မာစစ်တပ်က ဆက်တိုက်ဖမ်းဆီး နေ

SSPP/SSA နှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းဖြစ်သူများကို မြန်မာစစ်တပ်က ဆက်တိုက်ဖမ်းဆီး နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်၏ အမာခံလူဟုဆိုကာ ဖမ်းဆီးသွားသော နမ္မတူဒေသခံ စိုင်းကျော်အေးခေါ် အား ပြန်မလွှတ်ပေးသေးသည့်အပြင် သျှမ်းတပ်နှင့်ပတ်သက်ဆက်နွယ်နေသူများကို လိုက်ပြပေးရန်ဆက်လက် ခေါ်ဆောင်သွားသဖြင့် ဒေသခံများ စိတ်လက်မအေးဖြစ်နေရကြောင်း ဒေသခံများသတင်းရပ်ကွက်ကဆို ပါသည်။

ဒေသခံရွာသားများအား ပေါ်တာထမ်း လမ်းပြဖို့ ဖမ်းခေါ်လာသည့် မြန်မာအစိုးရစစ်ကြောင်း( ဓါတ်ပုံ- အင်တာနက်)
“၂၃ ရက်နေ့ကဖမ်းတဲ့  ပိန်းထော်(န်) ရွာသားစိုင်းကျော်အေးကို သူတို့စစ်ကြောင်းကိုလမ်းပြပေးဖို့ခေါ်သွား တယ်။ ပိန်းထော်န် ရွာသူကြီး စိုင်းအောင်ညွန့် ကိုလည်း ဖမ်းသွားတယ်။ ၂၇ ရက်မှာ  ည၈ နာရီမန်စံရွာထဲ ဝင်တယ်။ နမ့်ပိုင်သူကြီး စိုင်းထွေး ညွန့်၊ ရွာသား စိုင်းဝဏ္ဏကို ကိုထပ်ဖမ်းတယ်။ ၂၈ ရက်နေ့ ပန်လှ၊ ပန်ဆော့ရွာဖက် ဆက်သွားတယ်။ ဆန်ခါဘက်ဖြတ်သွား တော့ ဆန်ခါရွာသား တွေကို သူတို့ကို နားဟုတ် နောင်ငင်းရွာကိုပို့ခိုင်းတယ်။  ဆန်ခါမှာ ဗမာစစ်တပ် လူစုခွဲပြီး နောင်ငင်းကို ၉၄ ယောက် ရောက်တယ်။ ၂၉ ရက် နားဟုတ်ကနေ မန်စံတောင်ဖက်ဆင်း တယ်။ စိုင်းကျော်အေးနဲ့ စိုင်းအောင်ညွန့်ကို  ဗမာ စစ်အင်္ကျီ နဲ့ ပုဆိုးနဲ့ဝတ်ပေးပြီး လက်ထိပ်ခတ်ကြီးနဲ့ခေါ်သွားတယ်။ အဲဒီစစ်သားတွေကျတော့ သျှမ်းစစ်သား ဝတ်စုံတွေ ဝတ်ကြတယ်လို့လဲ ရွာသားတချို့ပြောကြတယ် ” ဟု နမ္မတူသား စိုင်းခမ်းက ပြောသည်။

ယခုလ ၂၃ ရက်နေ့က ပိန်းထော်န်ရွာသားစိုင်းကျော်အေးနှင့် နောင်အော့ရွာသား စိုင်းကမ်တို့ နှစ်ယောက်  နမ္မတူမြို့နယ် ဝမ့်စန် ကျေးရွာအုပ်စုမှ နောင်အော့်ရွာသို့ ဆိုင်ကယ်ဖြင့် အပြန် နောင်အော့ နတ်စင်အနီး၌ နမ္မတူအခြေစိုက် ၃၂၄ နှင့် နောင်ချိုအခြေစိုက် ၅၀၄ ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်က   ဖမ်းဆီးခဲ့ရာမှစ၍ ယနေ့တိုင် သင်္ကာမကင်းဖြစ်သူများကို ဆက်လက်ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု မန်စန်ဒေသခံများက ပြောပါသည်။

အဆိုပါ မြန်မာစစ်တပ်၏ပူးပေါင်းစစ်ကြောင်း ဝင်ရောက်မွှေနှောက်နေသော နယ်မြေများသည် သျှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုမရှိသေးသကဲ့သို့သျှမ်းပြည် တပ်မတော်မှ ဝင်ရောက် ပြောဆို ဖြေရှင်းပေးခြင်းလည်းမရှိသေးကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။

၎င်းနှင့်ပတ်သက်၍လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း မှ အရာရှိတဦးက အဆိုပါ အကြောင်း ကိစ္စမသိရှိရသေး ကြောင်းပြောဆိုခဲ့သည်။

“ ဒီစစ်ကြောင်းတွေကနေ လူတွေလိုက်ဖမ်းနေတာ လွယ်လွယ်နဲ့ရပ်မယ်မထင်ဘူး။ စစ်သားတိုင်းဟာ သျှမ်းစကားကိုမွှတ် နေအောင်ပြောတတ်တယ်။ ရွာသားတွေကို သျှမ်းစစ်တပ်နဲ့ မပတ်သက်စေချင်တဲ့စီမံကိန်း နဲ့ ရှင်းလင်းနေတာဖြစ်နိုင်တယ်။ သူတို့ဖမ်းသွားတဲ့လူတိုင်း ညိုမဲဒဏ်ရာတွေပြည့်နေတယ်လို့ မြင်တဲ့လူတွေက ပြောပြတယ်။ ဒီတိုင်းဆက်လုပ်နေမယ်ဆို ရင်တော့ မကြာခင်ရွာသားတွေ ပြောင်းကြရွှေ့ကြမယ့်အနေအထား မှာရှိတယ်”  ဟု ခေတ်ပညာတတ် နမ္မတူလူငယ် တဦး ကလည်းပြောသည်။

ထိုသို့ ခြေလျင်စစ်ကြောင်းများအပြင် စစ်ယာဉ်တန်းဖြင့်လည်း လားရှိုးမှ နမ္မတူဘက်သို့ အင်အားပို့ဆောင် နေကြောင်း ဒေသ ခံများကပြော၏။

အဖမ်းခံရသူ၏ မိဘဆွေမျိုးများက စိုးရိမ်ပူပန်မှုဖြင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ အုပ်ချုပ်ရေးအာဏာ ပိုင်များမှတဆင့်  အကူအညီတောင်းဆိုထားသော်လည်း ဗျူဟာမှူးများက တိုင်းမှလာသောအမိန်ဖြစ်သဖြင့် မတတ်နိုင်ကြောင်းသာ ပြန်ပြော သည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူ ထားသည့် အဖွဲ့ဖြစ်ပါသည်။