ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယုဇန ကုမ္ပဏီမှ သိမ်းယူထားသော မြေနေရာပေါ်ရှိ ကိုင်းတောမှော် ၂ မှ ရွှေတူးဖော်ရေးလုပ်ငန်းခွင်နှင့် အနီးတဝိုက်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အလွန်များပြားလျက် ရှိလာသည်ဟု ဒေသခံများနှင့် ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ပြောသည်။
“ရွှေတူးနေလို့ လယ်မြေတွေ ပျက်စီးသွားပြီ။ အဲဒီရွှေမှော်မှာ မူးယစ်ဆေးဝါး ပြန့်လာတယ်။ ၈ဝရာခိုင်နှုန်း လောက်၊ ကလေး၊ လူကြီး ဘိန်းမဲ(ခတ်ပုံ)၊ ဘိန်းဖြူနဲ့ ယာဘ ဆေးတွေ သုံးစွဲနေကြတယ်။ နောက် လိင်ပိုင်းဆိုင်ရာ (ပြည့် တန်ဆာ) လုပ်ငန်းတွေလည်း ရှိလာတယ်။ ဒေသခံ ရဲတွေလည်း မသိချင်ယောင် ဆောင်နေတယ်။ ငွေပဲ ကောက်စားနေတယ်။ တကယ့် မင်းမဲ့စရိုက် အုပ်ချုပ်ရေးမဲ့ ဖြစ်နေတယ်” ဟု KDNG ၏ ဒု-တာဝန်ခံ ဦးဆာဂျီးက ပြောသည်။
ရွှေမှော်အနီးရှိ ရှရုဇွပ် ကျေးရွာမှ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ အိမ်ထောင်စု ၅ဝဝ ခန့်၏ လူဦးရေ ၂,၅ဝဝ တွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာသည်ဟု ဆိုသည်။
ထိုရွှေမှော်ကို ယုဇနကုမ္ပဏီနှင့် ရှရုဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ရွှေတူးဖော်ခွင့် ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။
ကိုင်းတော်မှော် ၂ အပြင် အောင်လန်၊ ချောင်းဆုံ၊ လောဒ်ဂျာ၊ ဘွမ်ကျန် စသည့် ရွှေမှော်များတွင် ယခင်က ဘိန်းမဲ သုံးစွဲမှုသာ ရှိခဲ့သော်လည်း ယခုမူ ဘိန်းဖြူနှင့် ယာဘ ဆေးပြားများ ပိုမိုသုံးစွဲလာသည်ဟု ရှရုဇွပ်ရွာခံ တဦးကပြောသည်။
“အရင်က ဘိန်းမဲပဲ ရှိတယ်။ အခုက ဘိန်းခန်း၊ ဖိုးခန်း၊ ရာမ ဆေးပြားတွေ ပိုများလာတယ်။ ကျနော်တို့ အရမ်း စိတ်ပူပန်နေရတယ်။ စိတ်လည်း မကောင်းဘူး။ ဘယ်သူမှ အုပ်ချုပ်တဲ့ လူမရှိသလို ခံစားနေရတယ်။ ဒု-စရိုက်နေရာ၊ လုယက်မှုနေရာ၊ မဒိန်းမှုထိ ဖြစ်တယ်။ ဘယ်သူမှ မပြောရဲကြဘူး။ ယုဇန ကုမ္ပဏီက မြေသိမ်းလို့ လုပ်စားမယ့် နေရာမရှိ သလို၊ရွှေတူးလို့ လမ်းပန်းဆက်သွယ်ရေးက ပိုခက်လာတယ်” ဟု မဇ္စျိမကို ပြောသည်။
ရှရုဇွပ်ကျေးရွာမှ နှစ်မိုင်အကွာ ကိုင်းတောမှော် ၂ တွင် ယုဇန ကုမ္ပဏီနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီးတို့က ရွှေကျင်းတကျင်းလျှင် ကျပ် ငါးသိန်း၊ ရွှေစက်ဖောင် တဖောင်အတွက် တလလျှင် ကျပ်သုံးသိန်း တောင်းခံ၍ ရွှေတူးခွင့် ပြုထားသည်ဟု သူက ပြောသည်။
ကျေးရွာဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ရန်ပုံငွေ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ရွှေတူးဖော်ခွင့် ပြုထားသည်ဟုဆိုသော်လည်း လက်တွေ့တွင် ထိုလုပ်ငန်းများ အကောင်အထည် မဖော်သေးကြောင်း ရှရုဇွပ်ရွာသားတဦးက ပြောသည်။
၂ဝဝ၇ ခုနှစ်က ဟူးကောင်းချိုင့်ဝှမ်းအတွင်းမှ ဒေသခံ တောင်သူများပိုင် မြေဧ နှစ်သိန်းကျော်ကို ပီလောပီနံနှင့် ကြံ စိုက်ပျိုးရန်တွက်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့် ပိုင်သည့် ယုဇန ကုမ္ပဏီက သိမ်းယူခဲ့သည့်အထဲတွင် ဖားကန့်မြို့နယ်မှ အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် စသည့် ကျေးရွာများမှ ဧက တထောင်ကျော် လည်း အပါအဝင် ဖြစ်သည်။